ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး

Posted_Date

Image

ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး

Body

လူကြီးတိုင်းသည်  လူငယ်ဘဝကို ဖြတ်သန်းခဲ့ရပြီးဖြစ်သည်မို့ လူငယ်တိုင်း၏စွမ်းဆောင်မှုကို ကောင်းစွာသိရှိကြသည်။

လူငယ်သည် တက်ကြွပျိုရွယ်သည်မို့  အားမာန်အပြည့်အဝရှိသည်။  ရုပ်ဆင်းသွင်ပြင်တွင်လည်း အားမာန်ပြည့်နေသည်။   

စိတ်ဓာတ်ပိုင်းတွင်လည်း  အားမာန်ပြည့်နေသည်။ ဆောင်ရွက်လိုသည့်ကိစ္စကို အားမာန်အပြည့်ဖြင့် စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည်။ 

လူငယ်အများစု၏ စိတ်ဓာတ်သည်  စင်ကြယ်သည်။ ရိုးသားဖြောင့်မတ်သည်။ အများအကျိုး   သယ်ပိုးဆောင်ရွက်လိုစိတ်  ထက်သန်ပြင်းပြသည်။ လူငယ်မှန်သမျှသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် လူငယ်များကိုပြုစုပျိုးထောင်ပေးခြင်း၊ နေရာပေး၍ အရေးတယူဆောင်ရွက်စေခြင်းမျိုးကို    လူငယ်တို့လွန်စွာသဘောကျသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးလျက်ရှိပြီး ဇန်နဝါရီလ ၁၃ ရက်တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ (Youth Peace Forum)အခမ်းအနားကို ကျင်းပမည်ဆိုသော သတင်းကြားသိရသည့်အခါ နိုင်ငံတော်၏အနာဂတ်အတွက် ဝမ်းသာအားရကြိုဆိုမိသည်။ 

လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်၏    တာဝန်အရပ်ရပ်ကို  ထမ်းဆောင်ကြရမည့်သူများ အစစ်အမှန်ပင်ဖြစ်သည်။   ထို့ကြောင့်  လူငယ်တို့၏နှလုံးသားတွင်  သိမ်မွေ့နူးညံ့သော စိတ်ဓာတ်ကိန်းဝပ်စေရမည်ဖြစ်သည်။ ထိုစိတ်ဓာတ်နှင့်နိုင်ငံတော်ကို ချစ်သည့်စိတ်၊  ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်းအပေါ်တန်ဖိုးထားသည့်စိတ်ဓာတ်များရှိနေကြရမည်ဖြစ်သည်။မြန်မာနိုင်ငံရှိ တိုင်းရင်းသားများမှာ နှစ်ပရိစ္ဆေဒ များစွာကတည်းက အေးအတူ ပူအမျှ နေထိုင်ကြသူများဖြစ်ကြသည်။

ယခုအခါ မြန်မာနိုင်ငံတွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်    ပြည်ထောင်စုကို   တည်ဆောက်နေပြီဖြစ်သည်။    မိမိတို့ လိုလားချက်မှန်သမျှကို လွှတ်တော်တွင် ပါဝင်ဆွေးနွေး တောင်းဆိုခြင်းပြုနိုင်သည့် အနေအထားဖြစ်သည်။ 

နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပါတီ တည်ထောင်ခြင်း အခွင့်အလမ်းများလည်းရှိနေပြီဖြစ်သည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း  အလေးထား  လုပ်ဆောင်ရန်လည်း နိုင်ငံတော်အစိုးရက  တံခါးဖွင့်ကြိုဆိုလျက်ရှိနေပြီဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အရေးပါသည့်အခန်းကဏ္ဍတွင်ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏   နိုင်ငံရေးအခြေအနေမှန်ကို လူငယ်များသိထားသင့်သည်။   ထိုသို့သိထားသည်နှင့်အမျှ မိမိတို့ပါဝင်နိုင်သည့် အခန်းကဏ္ဍကို    မိမိတို့ရွေးချယ်ကာ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ၊ နိုင်ငံနှင့်ပြည်သူ့ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို  ဆောင်ရွက်ကြရမည်ဖြစ်သည်။   

နိုင်ငံတော်၏  လက်ရှိကာလအတွက်   လူငယ်ထုကအရေးကြီးသော   သက်ရှိစွမ်းအား  အရင်းအမြစ်များဖြစ်သည်။ 

ယခုအခါ လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းရေးကို ပုံဖော်ရာတွင်  အဓိပ္ပာယ်ပြည့်ဝသည့်အခန်းကဏ္ဍမှ ပါဝင်လာစေရန်   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်ရေး   ကော်မတီအနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆  ကို ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး  လူငယ်များပါဝင်မှုကိုမြှင့်တင်ပေးဟူသည့်ဆောင်ပုဒ်နှင့်အညီ   ၂၀၂၆  ခုနှစ်ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာ ကျင်းပလျက်ရှိသည်။ လက်ရှိနိုင်ငံတော်အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်အတွက်  တစိုက်မတ်မတ် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးစေရန် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်တွင် လူငယ်များပါဝင်လာစေရေး  လမ်းကြောင်းများ ဖွင့်ပေးလျက်ရှိသည်။ 

လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ ကို ငြိမ်းချမ်းရေးနှင့်   လူ့အသိုင်းအဝိုင်းတည်ဆောက်ရေးတွင် အားလုံးပါဝင်သည့်လူငယ်များ၏  ဆောင်ရွက်ချက်များအရေးကြီးသည်ကို   ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင်   နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ စိတ်သဘောထားများနှင့် ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရန်နှင့်  လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့်  ရွေးကောက်ပွဲလွန်ကာလများတွင် လူငယ်များ၏ လက်တွေ့ကျသည့်အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသည့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့၌ လူငယ်များ၏စွမ်းရည်များ  ပိုမိုခိုင်မာလာစေရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက် တစ်ရပ်ရေးဆွဲနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏အကြံပြုချက်များပေါ်ထွက်လာစေရန်၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်းပြီး  အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက်  လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ်ရေးဆွဲနိုင်ရန်ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဖိုရမ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  လူငယ်များပါဝင် ဆွေးနွေးကြမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဖိုရမ်ဖွင့်ပွဲ    အခမ်းအနားကျင်းပမှုကို ရုပ်မြင်သံကြားနှင့်ရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့် ခဲ့သည့်အတွက်  နိုင်ငံတကာကလည်း  မြန်မာလူငယ်တို့၏ အစွမ်းကိုမြင်တွေ့ကြမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ အခြားသောလူငယ်များ အနေဖြင့် အားကျဖွယ်ဖြစ်သည်။   လူငယ်တို့၏အစွမ်း ကမ္ဘာသို့လွှမ်းခြုံသွားမည်မှာ သေချာလှသည်။ မြန်မာလူငယ်တို့သည် ညံ့ဖျင်းသူများမဟုတ်ကြပေ။ ကိုယ်စီအရည်အချင်းနှင့်ပြည့်စုံကြသည်။   

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍကို အစဉ်တစိုက်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် လူငယ်များ၏ အခန်းကဏ္ဍကိုလည်း ပါဝင်စေချင်သည်။ 

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အနာဂတ်တွင်   လူငယ်များတစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပူးပေါင်းပါဝင်လာစေရန်   လမ်းကြောင်းများ ဖော်ထုတ်ပေးရန် လိုအပ်သည်။ မတူကွဲပြားသည့် တိုင်းရင်းသား မျိုးနွယ်စုများ၊ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အသီးသီးမှလူငယ်များ၊   နေရာဒေသ အသီးသီးမှ လူငယ်များ၊ လူမှုရေး၊ စီးပွားရေး  နောက်ခံအမျိုးမျိုးမှ  လူငယ်များအနေဖြင့်   မြန်မာနိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းရေးကို ပုံဖော်ရာတွင် အဓိပ္ပာယ်ပြည့်ဝသည့် အခန်းကဏ္ဍမှ ပါဝင်လာစေရန် ဆောင်ရွက်ပေးခြင်းမှာ ထာဝရငြိမ်းချမ်းရေးသို့   ဦးတည်နေခြင်းဖြစ်သည်။ 

ဖိုရမ်၏ Theme အနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိလူငယ်များ စုပေါင်းပါဝင်လာစေရန်နှင့် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များ   ဖြစ်ပေါ်လာစေရန်အတွက် ငြိမ်းချမ်းရေး အသိမြှင့်တင်ပေးရန်ဟု သတ်မှတ်ဆောင်ရွက်ကြောင်း သိရသည်။   လူငယ်များ၏အမြင်များ၊ ဖန်တီးမှုများနှင့် လူမှုကွန်ရက်များသည် ဒေသန္တရအဆင့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဖိုးတန်သောအထောက်အကူရရှိစေမည်ဖြစ်သည်။ 

လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ တွင် လူငယ်ကိုယ်စားလှယ်များအား အဖွဲ့လေးဖွဲ့ခွဲကာ ခေါင်းစဉ်အသီးသီးဖြင့်ဆွေးနွေးခြင်း၊ ခေါင်းစဉ်တစ်ခုကို စုပေါင်း၍ ဆွေးနွေးခြင်းများ  ပြုလုပ်မည်ဖြစ်ပြီးငြိမ်းချမ်းရေး၊  နိုင်ငံရေး၊  စီးပွားရေးနှင့် ပညာရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံငြိမ်းချမ်း သာယာဝပြောခြင်းကို ပြည်သူတစ်ရပ်လုံးက လိုလားနေကြသည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေသည့်အတွက် လက်နက်ကိုင်ကာ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြမည့်အစား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် အကြမ်းဖက်လက်နက်ကိုင်ခြင်းသည် ပြဒါးတစ်လမ်း၊  သံတစ်လမ်းဖြစ်သည့်အတွက် လူငယ်များအနေဖြင့် နိုင်ငံတော်တစ်ဝန်းလုံး   ငြိမ်းချမ်းနေစေရေးကိုမိမိတို့စွမ်းအားဖြင့်  ပါဝင်ကြရမည်ဖြစ်သည်။   သို့မှသာ  တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊  ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလာမည်ဖြစ်သည်။

အချုပ်ဆိုရသော် အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေးဟူသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များပါဝင်မည်ဆိုပါက နိုင်ငံတော်၏အားတစ်ရပ်ဖြစ်လာပေမည်။  မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ဖြင့် အခက်အခဲများကို စုပေါင်းဖြေရှင်းကြရမည်ဖြစ်၍ လူငယ်များအနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေးသို့ ဦးတည်ရောက်ရှိအောင်  ပုံဖော်ကြရန်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။   ။

mwd