လူငယ်ငြိမ်းချမ်းရေး ဖိုရမ်နှင့် ယနေ့လူငယ်
Posted_Date
Image
Body
သံလွင်တစ်ခက်
ချိုးဖြူငှက်ငယ်
ရှေ့ဆက်သယ်ပေး ငြိမ်းချမ်းရေး။
မြန်မာတို့၏ ဆိုရိုးစကားဖြစ်သော “ယနေ့လူငယ်နောင်ဝယ်လူကြီး”ဆိုသည့်ပမာ နောင်တစ်ချိန် တိုင်းပြည်တာဝန်ထမ်းဆောင်ကြရမည့် လူငယ်မောင်မယ်အများစုသည် ဗလငါးတန်ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့် ပြည့်စုံသင့်ပေသည်။ ထိုအရာများပြည့်ဝသောအခါ ခေတ်အမြင်၊ ခေတ်အတွေးတို့ဖြင့်လည်းကောင်း၊ AI နည်းပညာခေတ်၏ ပညာရပ်ဆိုင်ရာများဖြင့်လည်းကောင်း နိုင်ငံတော်တည်ဆောက်ရေး အစီအစဉ်များ ကဏ္ဍအသီးသီး၌ပါဝင်အားဖြည့်ဆောင်ရွက်ကြရပေမည်။ ထိုသို့သော လုပ်ငန်းစဉ်များစွာကို အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရန် အထူးအရေးကြီးလှပေသည်။
လူငယ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါပေ၏။ ထို့ကြောင့် ငြိမ်းချမ်းခြင်းအဓိပ္ပာယ်၊ ငြိမ်းချမ်းရေးအနှစ်သာရ၊ ငြိမ်းချမ်းရေးဆိုင်ရာ အတွေးသစ် အမြင်သစ်ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်ခိုင်မာစေရန် အထူးလိုအပ်လှပေသည်။ ထိုသို့သောအရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အတွက် နိုင်ငံတော်အစိုးရက လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ကျင်းပပေးခြင်းဖြစ်သည်။
NCA (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှအလုပ်ရုံ ဆွေးနွေးပွဲအကြံပြုချက်များအရ ယခုလူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကို ကျင်းပပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်ဟု သိရှိခဲ့ရပေရာ လူငယ်များနှင့် လက်လှမ်းမီဝန်းကျင်သစ်များအတွက် ဝမ်းသာဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။
အနာဂတ်ကာလနိုင်ငံ တည်ဆောက်ရေးတွင် လူငယ်မောင်မယ်များ တစ်ဖက်တစ်လမ်းမှပါဝင်၍ ဆောင်ရွက်ရေး၊ မတူကွဲပြားသော ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီအစ်ကိုမောင်နှမများ လူမှုစီးပွားအခြေခံမျိုးစုံမှ လူငယ်မောင်မယ်တို့၏ အမြင်ဝေမျှရေး၊ အပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေရေး၊ လူမှုသဟဇာတမြှင့်တင်ခြင်း၌ လူငယ်အခန်းကဏ္ဍရှာဖွေကာ ဘက်ညီသောအခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာစေရန်ရည်ရွယ်ကာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(Youth Peace Forum 2026)ကို ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တတိယနေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးကြပြီး ခေတ်အဆက်ဆက်ငြိမ်းချမ်းရေး ရရှိရန်ဆောင်ရွက်မှု၊ နိုင်ငံ၏ လက်ရှိပကတိဖြစ်ပေါ်တိုးတက်မှု၊ အပြုသဘောဆောင်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးနှင့်လူမှု အသိုက်အဝန်းတည်ငြိမ်စေရေးတွင် လူငယ်များ၏ ဆောင်ရွက်ချက်များသည်အရေးကြီးကြောင်း ဆွေးနွေးနိုင်ခဲ့သည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ပထမနေ့တွင် လူငယ်များကို ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းပေးခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် နယ်မြေဒေသအသီးသီးမှ အနည်းဆုံးလူငယ် ၂၂ ဦးထံမှ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးတင်ပြချက်များ ရယူခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ၊ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ ဝန်ကြီးဌာနမှ အတွေ့ အကြုံရှိသည့် ကိုယ်စားလှယ် ၁၀ ဦးတို့က သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးပြီး လူငယ်ကိုယ်စားလှယ် ၃၂၀ တို့က အခန်း(၄) ခန်းခွဲ၍ ဆွေးနွေးဖော်ထုတ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမှုများမှ ရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်စေရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း မြှင့်တင်ခြင်းတို့တွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တတိယနေ့တွင် လူငယ်ဖိုရမ်၏ အဓိကအရေးအကြီးဆုံးဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက်စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်းများ၊ ဆွေးနွေးချက်များအပေါ် ပညာရှင်အချို့က အကြံပြုဆွေးနွေးနိုင်ခဲ့သည်။
ယခုကျင်းပပြီးစီးခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သည်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ လူငယ်မောင်မယ် အားလုံးတို့အတွက် ဆန်းသစ်သည့်အတွေး၊ မတူကွဲပြားသည့်အမြင်၊ အယူအဆသစ်တို့ဖြင့် တူညီသည်များစုစည်း၊ မတူသည်တို့အား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လာတတ်ကြစေမည်ဖြစ်ပေရာ နိုင်ငံ့အနာဂတ်အတွက် ပုံရိပ်သစ်တို့ကို ထုဆစ်ပုံဖော်နိုင်လာကြမည့် လူငယ်လူရွယ်များဖြစ်လာကြပေတော့မည်မှာ အမှန်ပင်ဖြစ်ပေသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံသားတိုင်း အမျိုးသားရေး တာဝန်အဖြစ်ဆောင်ရွက်သင့်သည်။ ထိုအခါ နိုးကြားတက်ကြွသော လူငယ်လူရွယ်များစွာသည် ယခုဖိုရမ်၌အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဖြစ်တန်စွမ်းစသည်တို့အား ခြုံငုံသုံးသပ်၍ တိုင်းရင်းသားမျိုးစုံညီရင်းအစ်ကို၊ မောင်ရင်းနှမပမာသင့်မြတ်ခြင်း၊ သာတူညီမျှခြင်းတို့ဖြင့် ခေတ်ရှေ့ဆောင်လူငယ်မောင်မယ်များအဖြစ် အေးအတူပူအမျှ ဥမကွဲသိုက်မပျက် နေထိုင်ရင်း နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး မျိုးဆက်သစ်တာဝန် ကျေပွန်မည်ဖြစ်သည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လူငယ်များ၏ တက်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ်ပညာနှင့် လူကြီးများ၏အတွေ့အကြုံများ ပေါင်းစပ်၍ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း”ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းမှ ဖိုရမ်တက်ရောက်လာကြမည့် လူငယ်မောင်မယ်များအားလုံးသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရာတွင် တိုင်းပြည်၌ဖြစ်ပေါ်နေသည့် ပဋိပက္ခမျိုးစုံကိုဖြေရှင်းရေး၊ စိတ်ကူးဉာဏ်သစ် အတွေးသစ်တို့ဖြင့် ပုံဖော်စွမ်းဆောင်ပြီး IT နည်းပညာခေတ်၊ AI နည်းပညာခေတ်မှရရှိသော အထွေထွေဗဟုသုတတို့မှ ကောင်းသောရလဒ်များ စုစည်းပေါင်းစပ် လုပ်ဆောင်သွားကြပါမူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တာဝန်ကိုယ်စီထမ်းရွက်ရင်း ဖော်ဆောင်ထူထောင်နိုင်မည်ဟု ယုံကြည်မိပါ၏။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သည်ငြိမ်းချမ်းသောနယ်မြေ၊ ငြိမ်းချမ်းသောဒေသ၊ လူမှုစီးပွားလုပ်ငန်း ဆောင်တာများအား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲလုပ်ဆောင်နိုင်ရေးဆီသို့ မြန်မာတိုင်းရင်းသား ပေါင်းစုံ လူငယ်ထု၏စွမ်းအားဖြင့် ဆောင်ရွက်နိုင်လာကြပေမည်။ ယမ်းနံ့သင်းသောနယ်မြေဒေသများအား ပန်းရနံ့ဝေသည့်ဒေသများအဖြစ် လူငယ်ထု၏စည်းလုံးမှု၊ စည်းရုံးမှုတို့ဖြင့် စွမ်းဆောင်လာနိုင်ကြပေလိမ့်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးတေးသံများ လွင့်ပျံ့စေမှု၊ ဘိုးဘွားတို့ရယူပေးခဲ့သော အမိမြန်မာပြည် လွတ်လပ်ရေး၏ အသီးအပွင့်တို့အား ကြာရှည်စွာခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးခရီးအားဆက်၍ ဆက်ကာလျှောက်လှမ်းနိုင်မှု အစရှိသည်တို့ကို ညီညာလက်တွဲ၊ သွေးမကွဲကြဘဲစုစုစည်းစည်း ဆောင်ရွက်သွားကြပါမူ နိုင်ငံ၏အနာဂတ်သည် လင်းလက်တောက်ပလာမည်မှာ အမှန်ဧကန်ပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။
“ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက် သုံးရက်တာကာလအတွင်း အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အနာဂတ်လူငယ် ကြေညာစာတမ်းနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်းပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် ရေးဆွဲနိုင်ရေးအကြံပြုချက်(Recommendations၊ Outcomes) များကို စနစ်တကျ စုစည်းရယူသွားမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ယနေ့လူငယ် များမှာ နုပျို၊ တက်ကြွ၊ အားမာန်အပြည့်ရှိကာ ရိုးသားစင်ကြယ်သောစိတ်ဓာတ်၊ အမှန်တရားကိုချစ်မြတ်နိုးခြင်း၊ ယဉ်ကျေးမှုစောင့်ထိန်းကာ အများအကျိုးရွက်သယ်ပိုးသော ပရဟိတစိတ်ရှိခြင်းနှင့်ပြည့်ဝကြပေ၏။ တိုင်းပြည်ချစ်စိတ်၊မျိုးချစ်စိတ်တို့ဖြည့်စွက် ပေါင်းစည်းကြပါမူ နိုင်ငံ့သားကောင်း၊ အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာကြမှာ အသေအချာပင်ဖြစ်၏။ လူငယ်အများစု၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်မှုများကို နိုင်ငံတော်မှ ကျင်းပပေးခဲ့သည့် လူငယ်နှင့်စာပေပွဲတော်များတွင် မြင်တွေ့သိရှိခဲ့ကြပြီးဖြစ်ပေသည်။ လူငယ်ထုသည် မိမိ၌ရှိပြီးဖြစ်သော စွမ်းရည်ကောင်းကို ကောင်းမွန်မှန်ကန်သော အင်အားတစ်ရပ်အဖြစ်ဖန်တီးရင်း အနာဂတ်နိုင်ငံတော်သစ်ဆီ ဦးတည်လျှောက်လှမ်း သွားကြရပေမည်။
ထို့ကြောင့် လူငယ်များ၏အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ယခုလူငယ်ဖိုရမ်၌ပါဝင် ဆွေးနွေးကာ နိုင်ငံတော်တည်ဆောက်ရေးတွင် တီထွင်ဖန်တီး၊ ဆန်းသစ်သော အတွေးအခေါ်အယူအဆများဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ဆန္ဒပြု ရေးသား လိုက်ရပါတော့သည်။ ။
MWD
