မြန်မာမသန်စွမ်း အားကစားသမားမောင်မယ်များကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးကြစို့
Posted_Date
Image
Body
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့က အားကစားသမားမောင်မယ်တွေ ရွှေတံဆိပ်ဆု ခုနစ်ဆုအပါအဝင် အခြားဆုတွေဆွတ်ခူးရရှိခဲ့တဲ့သတင်းကို နေ့စဉ်ထုတ်သတင်းစာမှာဖတ်လိုက်ရပါတယ်။ ဝမ်းသာစရာသတင်းပါ။ ပြိုင်ပွဲအဖွင့်မှာရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ အားကစားကွင်း၊ အားကစားရုံ တွေမှာကျင်းပနေတဲ့ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ရေကူး၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ ဘိုးလင်း၊ စစ်တုရင်၊ ဘောလုံး၊ ဂိုးလ်ဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောနဲ့ အလေးမစတဲ့အားကစားနည်း (၁၁)နည်းမှာသတ်မှတ်ရက် အလိုက်ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းနိုင်ငံက အားကစားနည်း (၁၉)နည်း ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။
မြန်မာမသန်စွမ်း အားကစားအဖွဲ့အားကစားမောင်မယ်တွေ အားလုံးဟာ အမိမြေ၊မိမိကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှောက်မှာယှဉ်ပြိုင်ရတာ မဟုတ်ပေမယ့် အခု(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ မြေပေါ်မှာလည်း အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်ကောင်းတွေဆွတ်ခူးရယူပြီး မိမိနိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်နေကြပါတယ်။ အခုပြိုင်ပွဲအစရက်မှာပဲ ရွှေတံဆိပ်ဆုလေးဆုအပါအဝင် ဆုတွေဆွတ်ခူးရရှိခဲ့တာက သူတို့လေးတွေရဲ့ အောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်ရရမယ်ဆိုတဲ့ အားကစားစိတ်ဓာတ်အပြည့်နဲ့ ကြိုးစားယှဉ်ပြိုင်နေတယ်ဆိုတာ ပေါ်လွင်လို့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာတုန်းက အားကစားနည်းရှစ်မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှာ အဆင့် (၆)ရခဲ့ပါတယ်။ ရွှေတံဆိပ်ဆု ၁၅ ခု၊ ငွေတံဆိပ်ဆု ၂၃ ခု၊ ကြေးတံဆိပ်ဆု ၁၉ ခု စုစုပေါင်း ၅၇ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အားကစားနည်း (၁၁)နည်း ပါဝင်ယှဉ်ပြိုင်နေတာဖြစ်လို့ ပြီးခဲ့တဲ့ပြိုင်ပွဲထက်သာလွန်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရယူနိုင်ဖို့ မြန်မာမသန်စွမ်းအားကစားအဖွဲ့ အားကစားမောင်မယ်တွေအားလုံး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့ဆိုတဲ့စိတ်ဓာတ်အပြည့်နဲ့လို့ပြောနိုင်ပါတယ်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ အာဆီယံဒေသအတွင်းက မသန်စွမ်းသူတွေ အားကစားအဆင့်အတန်း တိုးတက်စေဖို့ ဒေသတွင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်မြှင့်တင်စေဖို့ ရည်ရွယ်ပြီးအာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်(ASEAN Para Sports Federation-APSF)ကကျင်းပတဲ့ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွေကို နှစ်စဉ်အကြိမ်တိုင်းပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အကြိမ်တိုင်းမှာလည်း မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်တွေဆွတ်ခူးရရှိခဲ့တယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့အားကစားနည်း အမျိုးအစားတိုင်းလိုလို ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တယ်။
အဲဒီရလဒ်ကောင်းတွေရယူနိုင်ခဲ့တဲ့ မှတ်တမ်းအစဉ်အလာတွေကို ကြည့်လိုက်မယ်ဆိုရင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ အားကစားမောင်မယ်တွေ အားလုံးဟာ သာမန်လူတွေထက်ကြိုးစားအားထုတ်မှု အပိုင်းမှာအဆပေါင်း များစွာသာပါတယ်။
အဆပေါင်းများစွာကြိုးစားပါဝင်ယှဉ်ပြိုင်ကြကာ မသန်စွမ်းအားကစားဖြင့် နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကိုဆောင်ခဲ့ကြတာလို့ ပြောနိုင်ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာပြိုင်ပွဲပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ ခုနစ်ယောက် တစ်ဖက် ဘောလုံး၊ (မျက်မမြင်)စစ်တုရင်၊ သေနတ်ပစ်၊ အလေးမနဲ့ဘိုစီယာ အားကစားနည်းတွေကို မြန်မာနိုင်ငံမှမသန်စွမ်း အားကစားမောင်မယ်တွေက ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာမြန်မာမသန်စွမ်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်အထိ ပြိုင်ပွဲများအပြီးမှာ မြန်မာအသင်းအနေနဲ့ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ်ခြောက်ခုနဲ့ကြေးတံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ် ၁၆ ခု ဆွတ်ခူးရရှိထားပါတယ်။ နိုင်ငံအလိုက် အနေနဲ့ အဆင့်(၆)မှာ ဆက်လက်ရပ်တည်နေပါတယ်။
၂၀၂၆ ခုနှစ် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့က အားကစားသမားမောင်မယ်တွေ အားလုံးဟာလည်း “မသန်သော်လည်းစွမ်းပါသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်မည်”ဆိုတဲ့ ဇွဲလုံ့လဝီရိယတို့နဲ့ ပြိုင်ဘက်တွေကိုကျော်ဖြတ် အနိုင်ယူပြီးရွှေတံဆိပ်ဆုတွေ ရယူပြကြကာ နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကို ဆောင်နိုင်ဖို့ ရေကုန်ရေခန်း ကြိုးစားယှဉ်ပြိုင်နေကြပါတယ်။ ပွဲစဉ်တိုင်းနိုင်ငံတော်သီချင်းကို သံကုန်ဖွင့်သံပြိုင်သီဆိုကာ မိမိနိုင်ငံရဲ့နိုင်ငံတော်အလံတိုင်ထိပ် အရောက်လွှင့်ထူနိုင်အောင်အားကုန်ထုတ်ယှဉ်ပြိုင်နေကြတယ်။
အားကစားသမား မောင်မယ်လေးတွေအတွက် လိုအပ်နေတာက မြန်မာအားကစားပရိသတ်ကြီးနဲ့ နိုင်ငံတစ်ဝန်းလုံးက တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ တစ်ခဲနက်လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံမှုဖြစ်နေပါတယ်။ အားလုံးက တစ်ခဲနက်အားပေးထောက်ခံကြမယ်ဆိုရင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ အားကစားမောင်မယ်တွေအားလုံးဟာ စိတ်ဓာတ်ခွန်အားပိုမိုတက်ကြွလာပြီး အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်ကောင်းတွေ မျှော်မှန်းထားတာထက်ကို ဆွတ်ခူးရယူနိုင်ကြပါလိမ့်မယ်။
တကယ်တမ်းလည်း မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာမသန်စွမ်း အားကစားမောင်မယ်တွေအားလုံးကို စိတ်ဓာတ်ခွန်အား ပိုမိုတက်ကြွလာအောင် ကျွန်ုပ်တို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ မြန်မာအားကစား ပရိသတ်ကြီးအားလုံးကလည်း စိတ်ဝင်တစား တစ်ခဲနက်အားပေးထောက်ခံနေပါတယ်။ ကိုယ်လက်အင်္ဂါမပြည့်စုံဘဲ နိုင်ငံ့ဂုဏ်တက်အောင် အားကစားနဲ့စွမ်းဆောင်ရည် မြှင့်တင်ပေးနေကြတဲ့ မြန်မာမသန်စွမ်းအားကစား မောင်မယ်တွေရဲ့စိတ်ဓာတ်ကို လေးစားဂုဏ်ယူမိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့မှာ ၂၀၂၆ ခုနှစ်(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ မြန်မာမသန်စွမ်းအားကစား အဖွဲ့အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု)ရလဒ်ကောင်းတွေ အများဆုံးရယူဆွတ်ခူးနိုင်ဖို့ ကျွန်ုပ်တို့တစ်တွေ“မြန်မာမသန်စွမ်း အားကစားသမား မောင်မယ်များကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးကြပါစို့”လို့ တိုက်တွန်းရေးသား ဖော်ပြလိုက်ရပါတယ်။ ။
