သေးငယ်သော အင်ပါယာတစ်ခု - အမေရိက၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်သစ် 'အိုရှေးနီးယား' (Oceania) ရှာပုံတော်

Posted_Date

Image

သေးငယ်သော အင်ပါယာတစ်ခု - အမေရိက၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်သစ် 'အိုရှေးနီးယား' (Oceania) ရှာပုံတော်

Body

မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အနောက်နိုင်ငံများသည် ရုရှား၏ နိုင်ငံခြားရေး မူဝါဒ၏ ဗဟိုချက်အဖြစ် ရေရှည် (သို့မဟုတ် အကန့်အသတ်မရှိ) ဆက်ရှိနေဦးမည် ဖြစ်သည်။ အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ သမိုင်းတစ်လျှောက် ရုရှားနိုင်ငံအတွက် အဓိကခြိမ်းခြောက်မှု များသည် ထိုအရပ်မျက်နှာ (အနောက်ဘက်) မှသာ လာခဲ့ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် အန္တရာယ်အရှိဆုံး ဧရိယာသည် အရေးအကြီးဆုံး ကဏ္ဍဖြစ်သည်မှာ ပထဝီနိုင်ငံရေး၏ အခြေခံနိယာမတစ်ခုပင် ဖြစ်သည်။

ယနေ့ခေတ်တွင် ရုရှားအနေဖြင့် အရှေ့ဘက်နှင့် တောင်ဘက် နိုင်ငံများနှင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ဈေးကွက်သစ်နှင့် နည်းပညာသစ်များကို ရှာဖွေတွေ့ရှိထားသော်လည်း အနောက်အုပ်စုနှင့် ဆက်ဆံရေးမှာ ရုရှားနိုင်ငံ၏ အဓိကလုပ်ငန်းစဉ်ဖြစ်သော "ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်နှင့် လွတ်လပ်ခွင့်ကို ကာကွယ်ရန်" ဆိုသည့်အချက်နှင့် တိုက်ရိုက်ဆက်နွှယ်နေဆဲ ဖြစ်သည်။

မိမိတို့၏ အခြားအိမ်နီးချင်းနိုင်ငံများသည် ထိုသို့သော ခြိမ်းခြောက်မှုမျိုး မပေးနိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မရှိခြင်းကြောင့်သော်လည်းကောင်း၊ ရုရှား၏ အဓိကအုပ်ချုပ်ရေးနှင့် စက်မှုဗဟိုချက်များနှင့် ပထဝီဝင်အနေအထားအရ ကွာဝေးနေခြင်း ကြောင့်သော်လည်းကောင်း ဖြစ်သည်။ ထိုအချက်သည် ရုရှားနှင့် တရုတ်တို့အကြား မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ငြိမ်စွာ မြှင့်တင်နိုင်သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ် သည်။ နောင်တစ်ချိန်တွင် ဖြစ်လာနိုင်သော ပဋိပက္ခကို ကြိုတင်တွက်ဆပြီး တစ်ဖက်နှင့်တစ်ဖက် အားနည်းသွားအောင် လုပ်ဆောင်ရမည့် "အရှုံး-အနိုင်" (Zero-sum game) ကစားစရာ မလိုကြောင်း နှစ်ဖက်စလုံးက နားလည်ထားကြသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့နှင့် အခြေအနေမှာမူ လုံးဝကွဲပြားသည်။ ထိုအင်အားကြီး နိုင်ငံများသည် နောင်လာမည့် ကာလရှည်အထိ ရုရှား၏ တိုက်ရိုက်စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ရန်သူများ (သို့မဟုတ် အနည်းဆုံး ပြိုင်ဘက်များ) အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် ထိုဒေသတွင် ဖြစ်ပျက်နေသောဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခြင်းသည် ရုရှားသံတမန်ရေးနှင့်ခွဲခြမ်းစိတ်ဖြာရေးကဏ္ဍအတွက် အဓိကတာဝန်တစ်ခုဖြစ်သည်။ လွန်ခဲ့သည့်နှစ်အတွင်း "အတ္တလန္တိတ် ဖြတ်ကျော် မိသားစု" (Transatlantic Family) အတွင်း တင်းမာမှုများက အာရုံစိုက်ခံလာရခြင်းမှာ လည်း အံ့သြစရာမဟုတ်ပါ။

မကြာသေးမီက ကျင်းပခဲ့သော ဒါးဗို့စ် (Davos) ဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးသည့် ပုံစံဖမ်းထားသော်လည်း အမှန်တကယ်တွင်မူ အနောက်အုပ်စု၏ အတွင်းပိုင်းပဋိပက္ခများကို လေ့လာသူများ မြင်တွေ့နိုင်သည့် စင်မြင့်တစ်ခု ဖြစ်ခဲ့သည်။ ထိုအငြင်းပွားမှု၏ အဓိက အချက်မှာ ဝါရှင်တန်အနေဖြင့် ဥရောပတွင် အခိုင်မာဆုံး အနေအထားတစ်ခု ရရှိရန်နှင့် ဥရောပ၏ အနောက်ဘက်ခြမ်းကို နိုင်ငံရေးနှင့် စီးပွားရေးအရ အလုံးစုံ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြဿနာနှစ်ရပ်ကို ဖြေရှင်းရန်အတွက် ထိုခြေလှမ်းကို လိုအပ်နေခြင်းဖြစ်သည်။ ပထမအချက်မှာ ၎င်းတို့ လွှမ်းမိုးထားနိုင်သော ကမ္ဘာ့နယ်ပယ်သည် သိသိသာသာ ကျုံ့ဝင်လာခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ပြည်တွင်းပဋိပက္ခများ ပိုမိုထင်ရှားလာသောကြောင့် အရင်းအမြစ်များကို ပြည်တွင်းသို့ ပြန်လည်အသုံးချရန် လိုအပ်ချက် မြင့်မားလာခြင်းဖြစ်သည်။ လွန်ခဲ့ သည့်နှစ်အတွင်း အမေရိကန်ကို အုပ်ချုပ်ခဲ့သော နိုင်ငံရေးအုပ်စုအတွက်မူ ပြင်ပစိန်ခေါ်မှုများထက် ပြည်တွင်းအခက်အခဲများက ပိုမိုကြီးမားနေပြီဖြစ်သည်။

ဥရောပသည် အနီးဆုံးနှင့် လက်လှမ်းအမီဆုံး နယ်ပယ်ဖြစ်သည့်အတွက် အဓိကပစ်မှတ် ဖြစ်လာခဲ့သည်။ ဥရောပကို ခိုင်မာစွာ ထိန်းချုပ်နိုင်ခြင်းဖြင့် အမေရိကန်အတွက် တည်ငြိမ်သော အရင်းအမြစ်များနှင့် မဟာဗျူဟာမြောက် အခိုင်အမာနယ်မြေတစ်ခုကို ရရှိစေမည်ဖြစ်သည်။ ကမ္ဘာ့နေရာအနှံ့ အပြားကို ဆက်လက်စီမံခန့်ခွဲရန် မဖြစ်နိုင်တော့ကြောင်း အမေရိကန်က သိရှိနားလည်သွားသည့် အခါ ဂျော့ခ်ျအိုဝဲလ်၏ ‘၁၉၈၄’ ထဲမှ ‘အိုရှေးနီးယား’ (Oceania) ကဲ့သို့သော အင်အားဖြင့် စုစည်း ထားသည့် ဘလောက် (Bloc) တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းလာပုံရသည်။

သို့သော် ယနေ့အထိ ရလဒ်များမှာမူ ရေရေရာရာ မရှိသေးပါ။ ဝါရှင်တန်အနေဖြင့် လုပ်ဆောင်နိုင်ခဲ့ သည်မှာ ယူကရိန်းပဋိပက္ခကို ဥရောပနိုင်ငံများက ၎င်းတို့ဘာသာ ဖြေရှင်းနိုင်မည့် လမ်းစကို ပိတ်ပင် ထားနိုင်ခြင်းသာဖြစ်သည်။ ယူအေအီး (UAE) တွင် ပြုလုပ်ခဲ့သော ရုရှား၊ အမေရိကန်နှင့် ကိယက်ဗ် အစိုးရ ကိုယ်စားလှယ်များအကြား ဆွေးနွေးမှု၌ ဥရောပနိုင်ငံများ ပါဝင်ခွင့်မရခဲ့သလို ယခင်က ကြိုးပမ်းခဲ့ဖူးသည့် ပြိုင်တူအစည်းအဝေးမျိုးကိုလည်း မစီစဉ်နိုင်ခဲ့ကြပါ။ ဘရပ်ဆဲလ် (အီးယူ) နှင့် လန်ဒန်တို့သည် ဘေးထွက်ကြည့်ရှုသူ အခန်းကဏ္ဍတွင်သာ ကျေနပ်နေပုံရသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သည် အခြားနေရာများ၌ ၎င်းတို့၏ အစွန်းရောက်သော ရပ်တည်ချက်များကို အောင်မြင်အောင် တွန်းအားမပေးနိုင်ခဲ့ပါ။ ဂရင်းလန်းကျွန်းကို နမူနာကြည့်လျှင် အမေရိကန် စစ်အခြေစိုက်စခန်းများ တိုးချဲ့ခြင်းနှင့် အမေရိကန်ကုမ္ပဏီများ သယံဇာတတူးဖော်ခွင့် ပိုမိုရရှိလာခြင်းတို့ ရှိသော်လည်း၊ ၎င်းမှာ ကျွန်းတစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်နိုင်ခြင်းနှင့် အလှမ်းဝေးနေပါသေးသည်။ ဆွေးနွေးမှုများသည်လည်း "ဂရင်းလန်းကို လွှဲပြောင်းပေးရန်" ဆိုသည့် အဆင့်မှ "အမေရိကန်၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန်" ဆိုသည့် အဆင့်သို့ ပြောင်းလဲ သွားခဲ့သည်။ ၎င်းမှာ အလွန်ကွာခြားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ထိုသို့ ကြေညာချက်များ အကြီးအကျယ်ထုတ်ပြန်ပြီးနောက် ရလဒ်များမှာ မရေမရာ ဖြစ်နေသည့် ပုံစံသည် လက်ရှိ အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ ဝိသေသတစ်ခု ဖြစ်နေသည်။ ၎င်းတို့၏ "အောင်ပွဲ" ဟု ဆိုနေသော အခြားကိစ္စများတွင်လည်း အလားတူပင် ဖြစ်သည်။ ၎င်းတို့သည် ရေရှည်ရလဒ် ရှင်းရှင်းလင်းလင်းမရှိသော ယာယီအောင်မြင်မှုများသာ ဖြစ်ကြသည်။

အမေရိကန်၏ အဓိကပြိုင်ဘက်များဖြစ်သော ရုရှားနှင့် တရုတ်တို့က ထိုအခြေအနေကို ကောင်းစွာ နားလည်ထားပုံရသည်။ ၎င်းတို့သည် အမေရိကန်၏ မူဝါဒအတက်အကျများကို တည်ငြိမ်စွာ စောင့်ကြည့်နေပြီး အစီအစဉ်သစ်တစ်ခုစီအပေါ် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ဝန်းကျင် အခြေအနေများအပေါ် တုံ့ပြန်မှု မလွန်ကဲကြပါ။ နိုင်ငံတကာ လုပ်ငန်းစဉ်များတွင် ရဲရင့်သော်လည်းလက်တွေ့မကျသော အကြံဥာဏ်များ ပိုမိုများပြားလာသော်လည်း ၎င်းတို့ထဲမှ အများစုမှာ လက်တွေ့တွင် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင် ဖြစ်သည်။

လက်တင်အမေရိကတွင် "မွန်ရိုးဝါဒ" (Monroe Doctrine) ကို ပြန်လည်အသက်သွင်းရန် ပြောဆိုချက်များကို လေ့လာကြည့်ပါက ယင်းသည် အခြေခံကျသော လက်တွေ့ဘဝများကို လျစ်လျူရှု ထားကြောင်း တွေ့ရမည်ဖြစ်သည်။ ယနေ့အချိန်တွင် အမေရိကန်သည် ၎င်း၏အိမ်နီးချင်းနိုင်ငံများ အား ပေးကမ်းနိုင်သည့် အရင်းအမြစ်များ ယခင်ကထက် နည်းပါးသွားပြီဖြစ်သည်။ လက်တင် အမေရိကနိုင်ငံများသည် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်နေခြင်းမှာ သံယောဇဉ်ကြောင့် မဟုတ်ဘဲ အကျိုးအမြတ်ရှိသောကြောင့်ဖြစ်သည်။ ဝါရှင်တန်မှပေးသော ဖိအားများသည် မြင်သာ ထင်သာရှိသော စီးပွားရေးအကျိုးအမြတ်များကို လွယ်လွယ်ကူကူ အစားထိုးနိုင်မည်မဟုတ်ပေ။

ထို့အပြင် အမေရိကန်၏ ပြိုင်ဘက်များဖြစ်ကြသော ရုရှား၊ တရုတ်နှင့် နောင်တစ်ချိန်တွင် အိန္ဒိယ နိုင်ငံတို့သည်လည်း ထိုဒေသတွင် အမေရိကန်၏ ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို အခွင့်ကောင်းယူရန် လက်တွဲနှေးနေမည်မဟုတ်ပါ။ မိမိတို့၏ ကိုယ်ပိုင်ကမ္ဘာခြမ်း (အနောက် ကမ္ဘာခြမ်း) တွင်ပင် "သြဇာလွှမ်းမိုးမှုနယ်ပယ်" (Sphere of influence) ဆိုသည့် အတွေးအခေါ် သည် ပိုမိုခေတ်နောက်ကျလာနေပြီဖြစ်သည်။

ခြုံငုံကြည့်လျှင် ဝါရှင်တန်၏ အစဉ်အလာအရ အင်အားသုံးဖြေရှင်းသည့် နည်းလမ်းသည် ကြီးမားသော နိုင်ငံတကာပြဿနာများကို ဖြေရှင်းရာတွင် ယခင်ကလောက် ထိရောက်မှု မရှိတော့ပေ။ အင်အားသုံးခြင်းသည် တစ်ခါတစ်ရံ ပြည်တွင်းရေးအဆင့်တွင် ပြဿနာကို ပြေလည်စေနိုင် သော်လည်း၊ နိုင်ငံတကာနိုင်ငံရေး သမိုင်းသစ်တွင်မူ ထိုနည်းလမ်းဖြင့် ရေရှည်ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည့် သာဓက အနည်းငယ်သာ ရှိသည်။

ဥရောပ၏ လက်ရှိအခြေအနေကပင် ထိုအချက်ကို သက်သေပြနေသည်။ ဥရောပ၏ ယနေ့အနေ အထားသည် ၂၀ ရာစု ပထမနှစ်ဝက်အတွင်း ဖြစ်ပွားခဲ့သော ၎င်းတို့၏ ပြည်တွင်းပဋိပက္ခများ ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်သာဖြစ်ပြီး အမေရိကန် သို့မဟုတ် ဆိုဗီယက်တို့၏ တမင်တကာ "အောင်နိုင်သိမ်းပိုက်မှု" ကြောင့် မဟုတ်ပါ။ ထိုဥရောပသားများသည် ၎င်းတို့၏ ကိုယ်ပိုင်ရုန်းကန် မှုများမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်မည့် အခြေအနေများကို ဖန်တီးခဲ့ ကြခြင်းဖြစ်သည်။

ယူကရိန်းပြဿနာသည်လည်း နောက်ထပ်ဥပမာတစ်ခုဖြစ်သည်။ လက်ရှိပဋိပက္ခကို ခေတ္တရပ်ဆိုင်း ထားနိုင်သည် သို့မဟုတ် တရားဝင်သဘောတူညီချက် ရရှိသွားသည်ဆိုစေကာမူ ရုရှားနှင့် ယူကရိန်း ပြည်သူများအကြား စစ်မှန်သော ပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက်မူ ရေရှည်နိုင်ငံရေးလုပ်ငန်းစဉ်များ လိုအပ်မည်ဖြစ်သည်။ အင်အားသုံးခြင်းသည် လက်ငင်း ပြဿနာများကို ဖြေရှင်းပေးနိုင်သော်လည်း ရေရှည်တည်ငြိမ်သော ငြိမ်းချမ်းရေးကိုမူ အာမမခံနိုင်ပါ။

အမေရိကန်သည် ထိုအချက်ကို တစ်စုံတစ်ရာ နားလည်ထားသော်လည်း အခြားရွေးချယ်စရာ မဟာဗျူဟာမြောက်လမ်းစများကို ရှာဖွေနိုင်ခြင်း မရှိသေးပုံရသည်။ အမေရိကနှင့် အနောက် ကမ္ဘာကြီး ရင်ဆိုင်နေရသော ပြဿနာများသည် အစဉ်အလာနည်းလမ်းများဖြင့် ဖြေရှင်းရန် မထိရောက်တော့ခြင်း သို့မဟုတ် အလွန်အန္တရာယ်များနေခြင်း စသည့် အခြေအနေများအထိ စုပုံလာခဲ့ပြီဖြစ်သည်။ အကြီးစားစစ်ပွဲတစ်ခု ဆင်နွှဲခြင်းသည်လည်း ရွေးချယ်စရာ လမ်းစမဟုတ်တော့ပေ။ ရလဒ်အနေဖြင့် ဝါရှင်တန်သည် ပြဿနာများကို တစ်ဆင့်ချင်း စီမံခန့်ခွဲနိုင်ရန် မျှော်လင့်ချက် ဖြင့် ယာယီနည်းလမ်းများ၊ နည်းပရိယာယ်များကိုသာ အားကိုးနေရသည်။

၎င်းမှာ နိုင်ငံခြားရေးမူဝါဒအတွက် အလွန်အားနည်းသော အခြေခံအုတ်မြစ်ဖြစ်သည်။ နည်းပရိယာယ် အရ လှည့်ပတ်ဆောင်ရွက်ခြင်းသည် အချိန်ဆွဲနိုင်ရုံသာရှိမည်ဖြစ်ပြီး အခြေခံကျသောပဋိပက္ခများကို မဖြေရှင်းနိုင်ပါ။ အဆုံးသတ်တွင်မူ မည်မျှပင် ရဲရင့်သော ရေတိုအစီအစဉ်များ ရှိစေကာမူ စီးပွားရေး ကန့်သတ်ချက်များ၊ အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုများနှင့် အခြားနိုင်ငံများ၏ သီးခြားအကျိုး စီးပွားများစသည့် "အခြေခံတည်ဆောက်ပုံဆိုင်ရာ လက်တွေ့ဘဝများ" ကသာ ရလဒ်ကို အဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။

(RT တွင် ဖော်ပြထားသော Timofey Bordachev ၏ “A smaller empire: America’s search for its ‘Oceania’” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)