အီလက်ထရောနစ်စီးကရက်များပေါ်ပေါက်လာခြင်းနှင့် ၎င်းတို့၏အန္တရာယ်
Posted_Date
Image
Body
ယနေ့ခေတ်တွင် အီလက်ထရောနစ်စီးကရက်(Vaping) အသုံးပြုမှုသည် တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် အဆိုးရွားဆုံးသော လူထုကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း စီးကရက်မီးခိုးငွေ့များ၏အန္တရာယ်ကို သတိပြုမိလာ၍ သမားရိုးကျ ဆေးလိပ်သောက်သုံးမှု နှုန်းများကျဆင်းလာသော်လည်း ထိုနေရာတွင် ပိုမိုအန္တရာယ်ကင်းသည်ဟု မှားယွင်းစွာယူဆထား ကြသည့် အရသာအမျိုးမျိုးရှိသည့် အီလက်ထရောနစ် စီးကရက်များသည် အစားထိုးဝင်ရောက်လာ သည်။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များနှင့် ကလေးများကြားတွင် Vaping ခေတ်စားလာမှုမှာ အရှိန်အဟုန်မပြတ် မြင့်တက်လာနေသည်။ ဆေးလိပ်ကုမ္ပဏီများ၏ ဆွဲဆောင်မှုရှိသော ဈေးကွက်ရှာ ဖွေမှုများကြောင့် ထုတ်ကုန်များသည် အန္တရာယ်ကင်းသည်ဟုထင်ရ
သော်လည်း လက်တွေ့တွင်မူ ပြင်းထန်သည့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများအထိဖြစ်စေနိုင်ပြီး အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများပါဝင်နေကြောင်းသိရှိ ရသည်။
ဆေးလိပ်သောက်သုံးမှု၏သမိုင်း
လူသားနှင့် ဆေးရွက်ကြီးတို့၏ဆက်နွှယ်မှုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စတင်ခဲ့သည်။ အမေရိကတိုက်ရှိ ဒေသခံတိုင်းရင်းသားများသည် ခရစ်တော်မပေါ်မီ တစ်နှစ်ခန့်ကပင် ဆေးရွက်ကြီးကို ဘာသာရေးနှင့် လူမှုရေးအခမ်းအနားများတွင် နတ်ဘုရားများကို ပူဇော်ရန်နှင့် ဆေးဝါးအဖြစ် သုံးစွဲခဲ့ ကြသည်။ ထိုစဉ်က ဆေးရွက်ကြီးကို ဝါးခြင်း၊ ငုံခြင်း၊ ရေစိမ်၍သောက်ခြင်းနှင့် နှာရှူဆေးအဖြစ်အသုံး ပြုခြင်း စသည့်နည်းမျိုးစုံဖြင့် သုံးစွဲခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ၁၆ ရာစုအတွင်း စပိန်နိုင်ငံ ကရေဘီယန်ကျွန်းစုများတွင် စိုက်ပျိုးသည့် ဆေးရွက်ကြီးသည် အင်္ဂလန်၊ ဥရောပနှင့် အမေရိကန်သို့ ကျယ်ပြန့်စွာပျံ့နှံ့ရောက်ရှိခဲ့သည်။ အထူးသဖြင့် ဥရောပတိုက်သားလူကုံထံများအကြား ဆေးတံသောက်ခြင်းကို လူကြီးလူကောင်းများ၏ ဓလေ့တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး ၁၇၁၀ ပြည့်နှစ်တွင် ရုရှားနိုင်ငံ ပီတာဘုရင်ကပင် နန်းတွင်းသူများကို ခေတ်မီစေရန် ဆေးလိပ်သောက်ရန် တိုက်တွန်းခဲ့သည်။ ၁၆၁၂ ခုနှစ်တွင် အမေရိကန်၌ စတင်စိုက်ပျိုးခဲ့သော ဆေးရွက်ကြီးသည် ၁၀ နှစ် အတွင်း အထူးတိုးတက်အောင်မြင်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့သည်။
စီးကရက် (Cigarette)၏အစမှာ စပိန်နိုင်ငံ ဆာဗီးမြို့မှ စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြင်သစ် တို့က “စီးကရက်”(Cigarette)ဟု အမည်ပေးခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ဂျိမ်းစ်ဘွန်းစက် (James Bonsack) က တစ်ရက်လျှင် စီးကရက်ပေါင်း ၁၂၀၀၀၀ ခန့် ထုတ်လုပ်နိုင်သောစက်ကို တီထွင်လိုက် ခြင်းသည် ဆေးလိပ်သမိုင်း၏ အကြီးမားဆုံး အလှည့်အပြောင်းဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ စီးကရက် များကို အမြောက်အမြားထုတ်လုပ်နိုင်ကာ ဈေးနှုန်းကျဆင်းလာသဖြင့် သာမန်ပြည်သူများပါ အလွယ်တကူဝယ်ယူနိုင်သော လူသုံးကုန်ပစ္စည်းဖြစ်လာခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာ စစ်တို့တွင် စီးကရက်ကို စစ်သားများအတွက် မရှိမဖြစ်ထောက်ပံ့ရေးပစ္စည်းအဖြစ် ပေးဝေခဲ့ခြင်းသည် ဆေးလိပ်သောက်ခြင်းအလေ့အထကို လူ့အဖွဲ့အစည်းအတွင်း ပိုမိုခိုင်မာစေခဲ့သည်။ ဆေးရွက်ကြီး ကုမ္ပဏီများသည် ရုပ်ရှင်သရုပ်ဆောင်များ၊ အားကစားသမားများနှင့် ဆရာဝန်များကိုအသုံးပြု၍ စီးကရက်သောက်ခြင်းသည် ဆွဲဆောင်မှုရှိခြင်း၊ ခေတ်မီခြင်းနှင့် စိတ်ဖိစီးမှုလျှော့ချ ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း ဝါဒဖြန့်ကြော်ငြာခဲ့ကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် အမျိုးသမီးများ၏ လွတ်လပ်မှုကို ကိုယ်စားပြုသည့် သင်္ကေတအဖြစ် ပုံဖော်ခဲ့ရာမှ အမျိုးသမီးများအကြားတွင်လည်း ဆေးလိပ်သောက်သုံးမှု သိသိသာသာမြင့်မားလာခဲ့သည်။
မြန်မာ့ဆေးလိပ်သမိုင်း
မြန်မာနိုင်ငံတွင် သက္ကရာဇ် ၉၉၁ ခုနှစ် သာလွန်မင်းတရားကြီးလက်ထက်တွင် ဆေးလိပ် သောက်ဆေး စတင်ရောက်ရှိလာကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ထူးခြားမှုတစ်ခုအနေဖြင့် ဆင်ဖြူရှင်မင်း တရားကြီးသည် ဒွါရဝတီကို အောင်မြင်ပြီးနောက် မြန်မာတို့သည် အားလပ်နေကြသောကြောင့် ယိုးဒယားလူမျိုးတို့ ငှက်ပျောဖက်ဆေးလိပ်သောက်ကြသည်ကို အတုယူ၍ ငှက်ပျောဖက်၊ ပြောင်းဖူးဖက်၊ သနပ်ဖက်၊ ကွမ်းသီးဖက် စသည့်ဖက်အမျိုးမျိုးဖြင့် ဆေးလိပ်စတင်သောက်ခဲ့ ကြသည်ဟု သိရသည်။ ရှေးယခင်က မင်းများ၏ အိမ်ဦးခန်းတွင် ဆေးလိပ်သည် ကွမ်းအစ်နှင့်အတူ နေရာရရှိခဲ့သည်။ ဆေးလိပ်ဘူးတွင်လည်း ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဖက်ဖြူ၊ ဖက်စိမ်း စသည်ဖြင့်အမျိုးမျိုးရှိခဲ့သည်။ မှတ်တမ်းများအရ ပထမကမ္ဘာစစ်ကြီးပြီးချိန်တွင် မြန်မာနိုင်ငံသို့ စီးကရက်စတင်ရောက်ရှိခဲ့၍ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်စစ်တပ် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ပိုမိုပေါများစွာ သောက်သုံးလာကြကြောင်း သိရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် စီးကရက်စက်ရုံများ အပြိုင်အဆိုင်ထူထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးစီမံကိန်းကို ၁၉၉၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ပြီးသည့်နောက် ဆေးရွက်ကြီးစိုက်ခင်းများ ပိုမိုတိုးတက် လာသည့်နည်းတူ စီးကရက်ထုတ်လုပ်မှုသည်လည်း ပိုမိုများပြားလာခဲ့သည်။
ကျန်းမာရေးထိခိုက်မှုများပေါ်ပေါက်လာခြင်းစီးကရက်သောက်သုံးမှုကျယ်ပြန့်လာပြီးနှစ်ပေါင်းများစွာ ကြာသောအခါ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ် များတွင် သိပ္ပံပညာရှင်များသည် စီးကရက်သောက်သုံးခြင်းနှင့် အဆုတ်ကင်ဆာ၊နာတာရှည် အဆုတ် ရောဂါများနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများအကြားတိုက်ရိုက်ဆက်စပ်မှုရှိကြောင်း သုတေသန ပြုတွေ့ရှိခဲ့ကြသည်။ စီးကရက်မီးခိုးတွင်ပါဝင်သော နီကိုတင်း၊ ကတ္တရာစေး၊ ကာဗွန်မိုနောက်ဆိုက် စသည့်ဓာတုပစ္စည်း ၇၀၀၀ ကျော်သည် ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကိုထိခိုက်စေနိုင်ကြောင်း ဖော်ထုတ်ခဲ့သည်။
နောက်ပိုင်းတွင် နီကိုတင်းသည် အရက်နှင့်မူးယစ်ဆေးဝါးများကဲ့သို့ပင် အလွန်စွဲလမ်းစေသော ဓာတု ပစ္စည်းဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။
လူထုကျန်းမာရေးတုံ့ပြန်မှုများ
ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ထွက်ပေါ်လာပြီးနောက် အစိုးရနှင့်ကျန်းမာရေးအဖွဲ့အစည်း များက စတင်တုံ့ပြန်ခဲ့ကြသည်။ ၁၉၆၄ ခုနှစ်တွင် အမေရိကန်ခွဲစိတ်ဆရာဝန်ချုပ်၏အစီရင်ခံစာ ထွက် ပေါ်လာပြီးနောက် စီးကရက်ဘူးများပေါ်တွင် ကျန်းမာရေးသတိပေးချက်များကို မဖြစ်မနေထည့် သွင်းဖော်ပြရန်စတင်ခဲ့သည်။ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် စီးကရက်ကြော်ငြာများကို တဖြည်းဖြည်းတားမြစ်ပိတ်ပင်ခဲ့သည်။ အများပြည်သူနှင့်ဆိုင်သောနေရာများ၊ အလုပ်ခွင်များနှင့် လေယာဉ်များတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်သောဥပဒေများချမှတ်ခဲ့ခြင်းကြောင့် ဆေးလိပ်သောက်သုံးမှုနှုန်းအမြင့်ဆုံးမှ တဖြည်းဖြည်းကျဆင်းလာစေခဲ့သည်။ ခေတ်သစ်စီးကရက်သည် လူသားတို့၏ သမိုင်းတွင် အကြီးမားဆုံးသော ကျန်းမာရေးကပ်ဆိုးကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏ဆိုးကျိုးများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့သော်လည်း ဤအန္တရာယ်မှလွတ်မြောက်ရန် ကြိုးပမ်းနေစဉ်မှာပင် အီလက်ထရောနစ်စီးကရက်ဟူသော စိန်ခေါ်မှုအသစ်တစ်ရပ် ပေါ်ပေါက် လာပြန်သည်။
အီလက်ထရောနစ်စီးကရက်(E-cigarettes/Vaping) ပေါ်ပေါက်လာခြင်း၂၁ ရာစုတွင် ဆေးလိပ်၏ဆိုးကျိုးများကို သတိပြုမိလာကြပြီး ဆေးလိပ်ဖြတ်လိုသူများအတွက်ရည်ရွယ်၍ အီလက်ထရောနစ်စီးကရက်(Vaping) ပေါ်ပေါက်လာခဲ့သည်။၂၀၀၃ ခုနှစ်တွင် တရုတ်ဆေးဝါးပညာရှင် ဟွန်းလစ်ခ်က ၎င်း၏ဖခင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်မှုကိုအကြောင်းပြု၍ ကတ္တရာစေးမပါဘဲ နီကိုတင်းကိုသာရရှိစေမည့် အစားထိုးနည်းလမ်းအဖြစ် စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် အဓိကအားဖြင့် ဘက်ထရီ၊ အပူပေးစနစ်နှင့် အရည်သိုလှောင်ကန်ဟူ၍ အစိတ်အပိုင်းသုံးခုပါဝင်ပြီး သိုလှောင်ထားသောအရည်ကို အပူပေးကာ အငွေ့အဖြစ် ပြောင်းလဲထုတ်လုပ်ပေးခြင်းဖြစ်သည်။ အဆိုပါအရည်များတွင် နီကိုတင်း၊ Propylene Glycol၊ Vegetable Glycerin နှင့် အရသာဓာတုပစ္စည်းများ ပါဝင်ဖွဲ့စည်းထားသည် ။
၂၀၁၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဥရောပနှင့် မြောက်အမေရိကဈေးကွက်သို့ ကျယ်ပြန့်စွာရောက်ရှိလာပြီးနောက် နည်းပညာတိုးတက်မှုနှင့်အတူ ပုံစံအမျိုးမျိုးပြောင်းလဲလာခဲ့သည်။ အထူးသဖြင့်အသီးအနှံနှင့်သကြားလုံးနံ့ကဲ့သို့ဆွဲဆောင်မှုရှိသောအရသာပေါင်းစုံ ထုတ်လုပ်လာခြင်းသည် ဆယ်ကျော်သက်များကို ပစ်မှတ်ထားသကဲ့သို့ဖြစ်နေသည်။ ကုမ္ပဏီများက လူမှုမီဒီယာများမှတစ်ဆင့် ခေတ်မီပြီး ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုအဖြစ် ကြော်ငြာခဲ့ကြသဖြင့် အများပြည်သူအကြား အန္တရာယ်
ကင်းသည်ဟုထင်မြင်ယူဆလာကြသည်။ ထို့ကြောင့် မူလက ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုပစ္စည်းအဖြစ်စတင်ခဲ့သော်လည်း ယခုအခါ လူငယ်များအကြား နီကိုတင်းစွဲလမ်းမှုကို အသစ်တစ်ဖန်ဖြစ်ပေါ်စေသည့် အန္တရာယ်ရှိသောထုတ်ကုန်တစ်ခုအဖြစ် ပြောင်းလဲလာနေပြီဖြစ်သည်။
အီလက်ထရောနစ်စီးကရက်၏ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့်အန္တရာယ်များအီလက်ထရောနစ်စီးကရက်(E-cigarettes)များသည် မီးခိုးငွေ့ကင်းစင်သည်ဟုဆိုသော်လည်း အဆိပ်အတောက်ဖြစ်စေသောအငွေ့များ ထုတ်လွှတ်သဖြင့် ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေသည်။ ၎င်းတွင်ပါဝင်သော နီကိုတင်းပမာဏသည် သမားရိုးကျစီးကရက်ထက်ပင်ပိုမိုမြင့်မားနိုင်ပြီး အသက် ၂၅ နှစ်အောက်လူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ အာရုံစူးစိုက်မှုနှင့် စိတ်ခံစားမှုထိန်းချုပ်ခြင်းတို့ကို အမြဲတမ်းပျက်စီးစေနိုင်သည်။ ထို့ပြင် Vitamin E Acetate ကဲ့သို့သော ဓာတုပစ္စည်းများကြောင့် ဖြစ်ပွားသည့် EVALI အဆုတ်ရောဂါ၊ ကင်ဆာဖြစ်စေသော Formaldehyde၊ ''Popcorn Lung"ရောဂါဖြစ်စေသော Diacetyl နှင့် ကွိုင်မှထွက်သော လေးလံသည့် သတ္တုမှုန့်များ (နီကယ်၊ ခဲ)တို့သည် အဆုတ်၊ နှလုံးနှင့် အာရုံကြောစနစ်ကို ဆိုးရွားစွာပျက်စီးစေကာ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကိုလည်း တိုးမြင့်စေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာအရ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းသည် အကြီးမားဆုံးသော ကျန်းမာရေးခြိမ်းခြောက်မှုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူပေါင်း ၇ သန်းကျော် သေဆုံးနေရသည်။ ယင်းအနက် ၁ ဒသမ ၆ သန်းခန့်မှာ မိမိကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း ပတ်ဝန်းကျင်မှဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်မိသည့် အပြစ်မဲ့ပြည်သူများ ဖြစ်နေကြသည်။ သို့ဖြစ်ရာ အီလက်ထရောနစ်စီးကရက်နှင့် ဆေးလိပ်တို့သည် သုံးစွဲသူရောပတ်ဝန်းကျင်ပါ အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိပ္ပံနည်းကျအတည်ပြုပြီးဖြစ်သည်။
ဆေးလိပ်နှင့် အီလက်ထရောနစ်စီးကရက်တို့၏ ပြင်းထန်သောကျန်းမာရေးနှင့် လူမှုစီးပွားဆိုးကျိုးများဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကိုထိခိုက်စေပြီး ဆေးလိပ်သောက်သူများ သည် မသောက်သူများထက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၅ ဆပိုများသည်။ ၎င်းသည် နာတာရှည်အဆုတ်ရောဂါ (COPD)၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာအမျိုးအစား ၁၀ မျိုးကျော်ကို ဖြစ်စေနိုင်သည်။ တစ်ဖက်တွင်လည်း အီလက်ထရောနစ်စီးကရက်(E-cigarette)များသည် ရေတိုအတွင်းမှာပင် ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် e-liquid များတွင်ပါဝင်သော ဓာတုပစ္စည်းများကြောင့် EVALI အဆုတ်ဒဏ်ရာဖြင့် သေဆုံးမှုများရှိခဲ့သလို လက်ရှိလူငယ်များကြားတွင်လည်း နာတာရှည်ချောင်းဆိုးခြင်းနှင့် ပန်းနာရင်ကျပ်ဖြစ်ပွားမှုများ သိသိသာသာမြင့်တက်လာနေသည်။
ဤကျန်းမာရေးထိခိုက်မှုများသည် လူတစ်ဦးချင်းစီသာမက နိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ်တွင်လည်း ဒေါ်လာဘီလီယံနှင့်ချီသော ငွေကြေးဝန်ထုပ်ဝန်ပိုးများဖြစ်စေသည်။ ထို့ပြင် လုပ်သားအင်အားစုများ စောစီးစွာသေဆုံးရခြင်းသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုကိုပါ ဆုံးရှုံးစေသည်။ အချုပ်အားဖြင့်ဆိုရသော် ဆေးလိပ်နှင့် Vaping ၏ အန္တရာယ်မှာ သီအိုရီသက်သက်မဟုတ်ဘဲ လူသားမျိုးနွယ်အပေါ် အမှန်တကယ်သက်ရောက်နေသည့် သေစေတတ်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း ကိန်းဂဏန်းအချက်အလက်များက သက်သေပြနေသည်။
အီလက်ထရောနစ်စီးကရက် အသုံးပြုမှုမြင့်တက်လာခြင်းနှင့် လူမှုကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများ
အီလက်ထရောနစ်စီးကရက်(Vaping)သည် မူလက ဆေးလိပ်ဖြတ်ရန် အထောက်အကူအဖြစ် ပေါ်ပေါက်လာသော်လည်း ယခုအခါ လူငယ်များအကြား နီကိုတင်းစွဲလမ်းမှုအသစ်ကိုဖြစ်စေသည့် ကျန်းမာရေးကပ်ဆိုးတစ်ခုဖြစ်လာသည်။ ကုမ္ပဏီများသည် သစ်သီးနှင့် သကြားလုံးအရသာများ ထုတ်လုပ်ခြင်း၊ လူမှုမီဒီယာများမှတစ်ဆင့် ခေတ်မီဖက်ရှင်တစ်ခုအဖြစ် ပုံဖော်ကြော်ငြာခြင်းတို့ဖြင့် အရွယ်မရောက်သေးသူများကို ပစ်မှတ်ထားခဲ့ကြသည်။ ထို့ပြင် တရားမဝင်လမ်းဘေးဈေးကွက်မှရရှိသောစံချိန်မမီသည့်အရည်များတွင် နီကိုတင်းပမာဏအဆမတန်မြင့်မားခြင်းနှင့် EVALI (အဆုတ်ဒဏ်ရာ) ဖြစ်စေသော Vitamin E Acetate ကဲ့သို့ အဆိပ်အတောက်များပါဝင်နေခြင်းကကြီးမားသောခြိမ်းခြောက်မှုဖြစ်နေသည်။ နည်းပညာလျင်မြန်စွာပြောင်းလဲနေမှုကြောင့် ဥပဒေပြဋ္ဌာန်းမှုများတွင် လိုအပ်ချက်များရှိနေပြီး ကုမ္ပဏီများက ထိုကွက်လပ်ကိုအသုံးချ၍ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကလေးငယ်များ လက်ထဲသို့ အလွယ်တကူရောက်ရှိအောင် ရောင်းချခြင်းများရှိနေသည်။ ထို့ပြင် Vaping မှထွက်လာသော အငွေ့တွင် နီကိုတင်းနှင့် ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများပါဝင်သဖြင့် ဘေးပတ်ဝန်းကျင်ရှိကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များကိုပါ ကျန်းမာရေးထိခိုက်စေနိုင်သည်။ သို့ဖြစ်ရာ E-cigarette သုံးစွဲမှု မြင့်တက်လာခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကျန်းမာရေးကို လျင်မြန်စွာခြိမ်းခြောက်နေသော စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်။
ဆေးလိပ်နှင့် အီလက်ထရောနစ်စီးကရက်အန္တရာယ်မှ ကာကွယ်ရန် လိုက်နာရမည့်နည်းလမ်းများ ဆေးလိပ်နှင့် Vaping အန္တရာယ်မှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ လုံးဝမသုံးစွဲခြင်း သို့မဟုတ် အမြန်ဆုံးဖြတ်တောက်ခြင်းပင်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဆေးလိပ်ဖြတ်ရာတွင် ပရော်ဖက်ရှင်နယ်အကူအညီနှင့် နီကိုတင်းအစားထိုးကုထုံးများရယူသင့်ပြီး စံချိန်မမီသောအရည်များနှင့် ကိုယ်တိုင်ရောစပ်ထားသော ဓာတုပစ္စည်းများကို လုံးဝရှောင်ကြဉ်ရမည်။ မိဘနှင့်ဆရာများကလည်း လူငယ်များကို ဦးနှောက်ထိခိုက်မှုဆိုးကျိုးများအကြောင်း ပွင့်လင်းစွာဆွေးနွေးပေးခြင်း၊ စံနမူနာကောင်းပြခြင်းနှင့် ကျောင်းသင်ရိုးများတွင် အန္တရာယ်ရှိမှုဆိုင်ရာပညာပေးမှုများထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်သည်။ ထို့ပြင် MPOWER ဟုခေါ်သည့် WHO ၏ နည်းဗျူဟာ (၆)ရပ်နှင့်အညီ ဆေးရွက်ကြီးသုံးစွဲမှုကို စောင့်ကြည့်ခြင်း(Monitor)၊ တစ်ဆင့်ခံဆေးလိပ်ငွေ့မှကာကွယ်ပေးခြင်း(Protect)၊ ဆေးလိပ်ဖြတ်ရန် အကူအညီပေးခြင်း (Offer)၊ အန္တရာယ်များကိုသတိပေးခြင်း(Warn)၊ကြော်ငြာမှုများကို ပိတ်ပင်ခြင်း (Enforce)၊အခွန်တိုးမြှင့်ခြင်း (Raise) များဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။
အစိုးရနှင့် မူဝါဒချမှတ်သူများအနေဖြင့် လူငယ်ကြိုက်အရသာများကို ပိတ်ပင်ခြင်း၊ ကြော်ငြာမှုများကို တားမြစ်ခြင်းနှင့် အခွန်တိုးမြှင့်ခြင်းတို့ဖြင့် သုံးစွဲမှုနှုန်းကိုလျှော့ချသင့်သည်။ ထို့ပြင် အများပြည်သူ ဆိုင်ရာနေရာများ၌ Vaping သုံးစွဲမှုကို ဥပဒေအရ တင်းကျပ်စွာတားမြစ်ရမည်။ ပြည်သူတစ်ဦးချင်းစီ၏ လိုက်နာမှုနှင့် အစိုးရ၏ထိရောက်သော မူဝါဒများ ပေါင်းစပ်နိုင်မှသာလျှင် E-cigarette ၏ ကျန်းမာရေး ခြိမ်းခြောက်မှုများကိုထိန်းချုပ်နိုင်ပြီး ကျန်းမာသောအနာဂတ်လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်းတိုက်တွန်းရေးသားလိုက်ရပါသည်။ ။
mwd
