အမေရိကန်-အိန္ဒိယကုန်သွယ်ရေးအလှည့်အပြောင်းနဲ့အကောက်ခွန်စစ်ပွဲရဲ့နိဂုံး
Posted_Date
Image
Body
ပြီးခဲ့တဲ့လပိုင်းအတွင်းမှာအမေရိကန်နဲ့အိန္ဒိယတို့ကြားကကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးဟာတော်တော်လေးကို တင်းမာ ခက်ခဲခဲ့တာလူတိုင်းအသိပဲဖြစ်ပါတယ်။နှစ်နိုင်ငံကြားမှာ အကောက်ခွန်တွေအပြန်အလှန်တိုးမြှင့်ပြီးစီးပွားရေးအရ စစ်အေးတိုက် နေသလိုဖြစ်နေရာကနေအခုအခါတစ်ကမ္ဘာလုံးကိုအံ့အားသင့်သွားစေမယ့်သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။အဲဒီ သတင်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ သူတို့ကြားကပဲ့ကြွေလုနီးပါး ဖြစ်နေတဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့ အရေးကြီးတဲ့ကုန်သွယ်ရေးသဘောတူညီချက်အသစ်တစ်ခုကိုလက်မှတ်ရေးထိုး လိုက်နိုင်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ အိန္ဒိယရဲ့စီးပွားရေးအတွက် အသက်ရှူချောင်စေမယ့် ဆေးတစ်ခွက်ဖြစ်လာသလိုအမေရိကန်အတွက်လည်း သူ့ရဲ့“အမေရိကန်ဦးစားပေး” မူဝါဒကို လက်တွေ့အကောင်အထည် ဖော်ပြလိုက်တာလို့ဆိုရမှာပါ။
ဒီသဘောတူညီချက်ရဲ့နောက်ကွယ်မှာနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ပါးနပ်တဲ့နိုင်ငံရေးကစားကွက်တွေနဲ့စီးပွားရေးဆိုင်ရာ အပေးအယူတွေအများကြီး ပါဝင်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ဩဂုတ်လကစလို့ အမေရိကန်က အိန္ဒိယနိုင်ငံမှပို့ကုန်တွေ အပေါ်သွင်းကုန်အခွန်၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့တာကြောင့်အိန္ဒိယရဲ့ အလုပ်သမားအခြေပြုလုပ်ငန်းတွေဟာတော်တော်လေးအထိနာခဲ့ရပါတယ်။ရူပီးငွေတန်ဖိုးဟာလည်းအာရှမှာအဆိုးရွားဆုံးကျဆင်းခဲ့ရသလိုရင်းနှီးမြှုပ်နှံသူတွေကြား မှာလည်းစိုးရိမ်မှုတွေက တိမ်တိုက်ကြီးလိုဖုံးလွှမ်းနေခဲ့တာပါ။အခုရရှိလိုက်တဲ့သဘောတူညီချက်ဟာဒီလိုမရေမရာဖြစ်နေတဲ့ အခြေအနေတွေကိုတစ်ခန်းရပ်သွားစေပြီးနှစ်နိုင်ငံကြားက စီးပွားရေးဆက်ဆံရေးကို အရှိန်အဟုန်နဲ့ပြန်လည် စတင်လိုက်တာပဲဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ကျွန်တော်တို့သိထားသမျှအချက်အလက်တွေကိုပေါင်းစပ်ပြီးဒီသဘောတူညီချက်က အိန္ဒိယရဲ့ကဏ္ဍအသီး သီးအပေါ်ဘယ်လိုမျိုးသက်ရောက်မှုတွေရှိလာမလဲ၊ဘယ်သူတွေအကျိုးအမြတ်ရပြီးဘယ်လိုစိန်ခေါ်မှုတွေကျန်နေသေးသလဲ ဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့်စိုက်ပျိုးရေး၊ နည်းပညာနဲ့ ရေနံကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ဘယ်လိုအပေး အယူတွေလုပ်ခဲ့ကြသလဲဆိုတာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေဖြစ်ပါတယ်။
ကုန်သွယ်ရေးသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုကြည့်ရင်အမေရိကန်က အိန္ဒိယကုန်စည်တွေအပေါ် ကောက်ခံနေတဲ့အခွန်နှုန်းထားကို၂၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာ အရင်ဆုံးတွေ့ရပါလိမ့်မယ်။ဒါဟာ အာရှဒေသရှိတခြားပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်ဒါမှမဟုတ် ပါကစ္စတန်တို့ထက်တောင်မှပိုပြီးသက်သာတဲ့နှုန်းထားဖြစ် တာကြောင့် အိန္ဒိယပို့ကုန်တွေအတွက်တော့အမေရိကန်စျေးကွက်ထဲမှာအသာစီးရသွားစေမှာပါ။ နောက်ပြီး ရုရှားဆီကနေ ရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး ထပ်ဆောင်းကောက်ခံထားတဲ့အခွန်၂၅ ရာခိုင်နှုန်းကိုလည်း လုံးဝပယ်ဖျက်ပေးလိုက်ပါတယ်။အပြန်အလှန်အနေနဲ့ အိန္ဒိယကအမေရိကန်ဆီကနေ ဒေါ်လာဘီလီယံ ၅၀၀ ဖိုးရှိမယ့် စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနဲ့ ကျောက်မီးသွေးစတဲ့ထုတ်ကုန်တွေကိုဝယ်ယူဖို့ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ရုရှားဆီကရေနံဝယ်ယူမှုကိုရပ်တန့်ပြီးအမေရိကန်နဲ့ ဗင်နီဇွဲလားတို့ဆီကနေ အစားထိုးပြီးဝယ်ယူဖို့သဘောတူခဲ့တာကလည်းဒီသဘောတူညီချက်ရဲ့ အပြောင်းအလဲအကြီးဆုံးအပိုင်းလို့ဆိုရမှာဖြစ်ပါတယ်။
တကယ်တော့အခုရရှိလိုက်တဲ့သွင်းကုန်အခွန်၁၈ ရာခိုင်နှုန်းဆိုတာ ဂျပန်နိုင်ငံပြီးရင် အိန္ဒိယနိုင်ငံကအာရှမှာ ဒုတိယ အသက်သာဆုံးဖြစ်သွားတာပါ။အရင်တုန်းက အိန္ဒိယဟာ အာရှတိုက်မှာ အမြင့်ဆုံးနှုန်းထားဖြစ်တဲ့သွင်းကုန်အခွန် ၅၀ ရာခိုင်နှုန်း အထိ သတ်မှတ်ခံထားရဖူးတာကြောင့် အခုပြောင်းလဲမှုဟာ အိန္ဒိယရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို တရုတ်နိုင်ငံရဲ့ အစားထိုး ဗဟိုချက်ဖြစ်လာအောင်တွန်းပို့ပေးနိုင်မယ့်အလားအလာရှိပါတယ်။ အိန္ဒိယရဲ့အဓိကစီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေကလည်း အကောက်ခွန်မရေမရာမှုတွေကြောင့်ရပ်တန့်နေတဲ့ "China+1" ဆိုတဲ့လုပ်ငန်းစဉ်ဟာ အခုဆိုရင် အရှိန်အဟုန်နဲ့ပြန်လည် စတင်နိုင်တော့မယ်လို့ယုံကြည်နေကြပါတယ်။ အထူးသဖြင့် အလုပ်သမားအင်အားအများကြီးသုံးရတဲ့အထည်အလိပ်၊ သားရေလုပ်ငန်း၊ ဖိနပ်နဲ့ လက်ဝတ်ရတနာကဏ္ဍတွေဟာ အရင်က အကောက်ခွန်တွေကြောင့် ကြီးကြီးမားမားထိခိုက်ခဲ့ရပေမယ့်အခုတော့အသက်ရှူချောင်သွားကြပါပြီ။
အထည်အလိပ်လုပ်ငန်းမှာဆိုရင်အိန္ဒိယနိုင်ငံရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ထက် အကောက်ခွန်နှုန်းထား ပိုသက်သာသွားတာကြောင့် အမေရိကန်စျေးကွက်မှာ အိန္ဒိယအထည်တွေ ပိုပြီးနေရာရလာဖို့ရှိနေပါတယ်။ကျောက်မျက်ရတနာကဏ္ဍဆိုရင်လည်းပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အမေရိကန်နိုင်ငံကို တင်ပို့မှု၅ ရာခိုင်နှုန်းခန့်ကျ ဆင်းခဲ့တာဟာ အကောက်ခွန်မြင့်မားမှုကြောင့်ဖြစ်ပြီးအခုအဲဒီအဟန့်အတားတွေ ဖယ်ရှားလိုက်ပြီဖြစ်လို့ လုပ်ငန်းရှင်တွေက အားတက်နေကြပါတယ်။
မော်တော်ကားအပိုပစ္စည်းထုတ်လုပ်တဲ့ကဏ္ဍမှာဆိုရင် တာတာမော်တာရဲ့လက်အောက်ခံဖြစ်တဲ့ဂျာဂွားလန်းရိုဗာလိုလုပ်ငန်း တွေဟာ သူတို့ရဲ့ပို့ကုန် ၃၃ ရာခိုင်နှုန်းလောက်ကို အမေရိကန်စျေးကွက်ကို မှီခိုနေရတာကြောင့် ဒီသဘောတူညီချက်က သူတို့အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူး။ဘဏ္ဍာရေးစျေးကွက်ဘက်ကိုကြည့်မယ်ဆိုရင်လည်းသဘောတူညီချက်သတင်းထွက်လာတာနဲ့တစ်ပြိုင်နက် အိန္ဒိယစတော့စျေးကွက်ဟာ၅ ရာခိုင်နှုန်းအထိခုန်တက်သွားပြီးရူပီးငွေတန်ဖိုးက ၁ ရာခိုင်နှုန်းကျော်ပြန်တက်လာခဲ့ပါတယ်။ ဒါဟာ လပေါင်းများစွာ စိုးရိမ်ထိတ်လန့်နေခဲ့ရတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အတွက်အလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။
ဒါပေမဲ့စိုက်ပျိုးရေးကဏ္ဍမှာတော့နှစ်နိုင်ငံစလုံးက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ကြိုးစားနေကြတုန်းပါပဲ။အိန္ဒိယဟာ ဂျုံနဲ့ ဆန်လို အခြေခံသီးနှံတွေမှာ ပြည်တွင်းဖူလုံမှုရှိနေတဲ့အပြင်မျိုးရိုးဗီဇပြုပြင်ထားတဲ့ (GMO) သီးနှံတွေအပေါ်မှာ တင်းကျပ်တဲ့ကန့်သတ်ချက်တွေထားရှိထားပါတယ်။ အမေရိကန်နိုင်ငံဘက်ကတော့ သူတို့ရဲ့ GMO ပဲပုပ်နဲ့ ပြောင်းတွေကို အိန္ဒိယစျေးကွက်ထဲသွင်းချင်နေတာပါ။အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးကအထိအခိုက်မခံတဲ့ စိုက်ပျိုးရေးနဲ့ နို့ထွက်ပစ္စည်း ကဏ္ဍတွေကိုသဘောတူညီချက်ထဲမှာ ကာကွယ်ထားနိုင်ခဲ့တယ်လို့ ပြောပေမယ့် အမေရိကန်ကလည်း သူတို့လယ်သမားတွေ အတွက် အခွင့်အလမ်းတွေပိုရလာမယ်လို့ဆိုနေတာကြောင့် အသေးစိတ်အပေးအယူကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်က စက်မှုကဏ္ဍနဲ့နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပါတယ်။အမေရိကန် အရာရှိတွေရဲ့ပြောဆိုချက်အရ ဒီသဘောတူညီချက်ဟာ ကုန်သွယ်ရေးတင်မကဘဲ ကာကွယ်ရေးပိုင်းနဲ့ အဆင့်မြင့်နည်း ပညာပိုင်းမှာပါနှစ်နိုင်ငံကိုပိုမိုနီးကပ်သွားစေမယ်လို့ဆိုပါတယ်။
အထူးသဖြင့် Quad အဖွဲ့ကြီးအတွက်လည်းဒီသဘောတူညီချက်က တွန်းအားအသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။အိန္ဒိယအီလက်ထ ရွန်နစ် ဝန်ကြီးကနှစ်နိုင်ငံပေါင်းပြီးကမ္ဘာကြီးအတွက်လိုအပ်တဲ့နည်းပညာသစ်တွေကိုအတူတကွဖန်တီးသွားမယ်လို့အကောင်း မြင် စကားဆိုထားပါတယ်။
ဒီသဘောတူညီချက်ဟာရုတ်တရက်ထွက်ပေါ်လာတာလို့ထင်ရပါတယ်။တကယ်တော့ စက်တင်ဘာလ ဝန်ကြီးချုပ်မိုဒီရဲ့မွေးနေ့မှာသမ္မတထရမ့်က ဖုန်းဆက်ပြီးနှုတ်ဆက်ခဲ့ရာကနေနှစ်နိုင်ငံကြားက တင်းမာမှုတွေစတင်လျော့ကျခဲ့တာလို့နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူတွေကတော့ထောက်ပြပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်သံအမတ်အသစ်အဖြစ် ထရမ့်ရဲ့ယုံကြည်ရသူဖြစ်တဲ့ ဆာဂျီယိုဂေါ ရောက်ရှိလာတာကလည်း ညှိနှိုင်းမှုတွေကို ပိုပြီးမြန်ဆန်ချောမွေ့သွားစေခဲ့တာပါ။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်အမေရိကန်-အိန္ဒိယကုန်သွယ်ရေးသဘောတူညီချက်ဟာနှစ်နိုင်ငံစလုံးအတွက် "Win-Win" လို့ခေါ်ဆိုနိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ အိန္ဒိယအတွက်အကောက်ခွန်ဝန်ထုပ်ဝန်ပိုးတွေကနေလွတ်မြောက်ပြီး စီးပွားရေးပြန်လည်ဦးမော့လာဖို့ လမ်းစပွင့်သွားသလို အမေရိကန်အတွက်လည်း သူ့ရဲ့ကုန်ပစ္စည်းတွေကို အိန္ဒိယရဲ့ ကြီးမားတဲ့စျေးကွက်ထဲ ဒေါ်လာဘီလီယံနဲ့ချီ တင်ပို့ခွင့်ရမယ့်အခွင့်အရေးကိုဆုပ်ကိုင်နိုင်တာပါ။
ဒါပေမဲ့တစ်ဖက်မှာလည်း သတိထားစရာအချက်အချို့ ကျန်နေပါသေးတယ်။ အဲဒါကတော့ ထရမ့်ရဲ့ စိတ်ပြောင်းလွယ်တတ်တဲ့ သဘာဝနဲ့ အခုသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုတရားဝင်ပူးတွဲထုတ်ပြန်ချက်အဖြစ်မတွေ့ရသေး တာပဲဖြစ် ပါတယ်။စီးပွားရေးလေ့လာဆန်းစစ်သူအချို့ကတော့ အစိုးရချင်းသဘောတူတဲ့စာသားတွေနဲ့အကောင်အထည်ဖော်မှု ဆိုင်ရာရှင်းလင်းချက်တွေ ထွက်မလာမချင်းတော့ ဒါကို နိုင်ငံရေးအရ အချက်ပြမှုတစ်ခုအဖြစ်ပဲ ရှုမြင်သင့်တယ်လို့ သတိပေးနေကြပါတယ်။
ဘာပဲဖြစ်ဖြစ်အခုလက်ရှိအချိန်မှာတော့အိန္ဒိယနဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးအဖုအထစ်တွေ တော်တော်လေးကို ပြေလည်သွားခဲ့ပါပြီ။ ဥရောပသမဂ္ဂနဲ့ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုပြီး ရက်ပိုင်းအတွင်းမှာပဲအမေရိကန်နဲ့ပါ သဘောတူညီချက် ထပ်ရလိုက်တာကြောင့် အိန္ဒိယဟာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေဆက်လက်ရပ်တည်နိုင် တော့မှာဖြစ်ပါတယ်။ ယခုသဘောတူညီချက်ကနေတစ်ဆင့်နှစ်နိုင်ငံကြားက ယုံကြည်မှုတွေပြန်လည်တည်ဆောက်နိုင်ပြီးပိုမိုခိုင်မာတဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဆီတက်လှမ်းနိုင်ပါစေလို့ပဲမျှော်လင့်ရပါတယ်။ နှစ်နိုင်ငံစလုံးကလုပ် ငန်းရှင်တွေနဲ့တောင်သူလယ်သမားတွေအတွက်တကယ်ကိုအကျိုးရှိစေမယ့်ရလဒ်ကောင်းတွေထွက်ပေါ်လာဖို့ကတော့အစိုးရနှစ် ရပ်ဆက်လက်အကောင်အထည်ဖော်မယ့်ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပဲ မူတည်နေတော့မှာဖြစ်ပါတယ်။ ။
Ref: RT, Bloomberg
MWD
