တောင်သမန်အင်းစောင်းမှ တောင်မင်းကြီးရင်ခွင်သို့

Posted_Date

Image

တောင်သမန်အင်းစောင်းမှ တောင်မင်းကြီးရင်ခွင်သို့

Body

ကျွန်တော်တို့ လေ့လာရေးအဖွဲ့သည် ပြင်ဦးလွင်မှဆင်းလာပြီး မန္တလေးနန်းတွင်းသို့ ဦးစွာဝင်ကြသည်။ နန်းတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့်ပြတိုက်ကို လှည့်ပတ်မကြည့်ရှုမီ ရှေးဟောင်းသုတေသနနှင့်     အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာအောင်ကို နှုတ်ဆက်ခဲ့သည်။  နန်းတွင်းကိုလည်ပတ်ပြီးနောက် နန်းတွင်းရှိ သစ်ပင်ရိပ်များအောက်မှာပင် နေ့လယ်စာစားခဲ့ကြပြီး အမရပူရသို့ ခရီးဆက်ခဲ့ကြသည်။

ခရီးစဉ်တစ်ခုလုံးကို  အစီအစဉ်များရေးဆွဲပြီး ကျောင်းသား၊ ကျောင်းသူများကို ဦးဆောင်လာသည့် ကိုသန့်ဇင်ထူးက အမရပူရတွင်သွားမည့် နေရာများကို ကျွန်တော့်အားပြောပြသည်။ ကျွန်တော်က အမရပူရတွင် လေ့လာကြည့်ရှုစရာနေရာတွေ များကြောင်း၊ ဦးပိန်တံတားအပြင် ကုန်းဘောင်ဘုရင် သုံးပါး၏ သင်္ချိုင်းဂူများ၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ကျောက်တော်ကြီးဘုရား၊ တောင်မင်းကြီးဘုရားခေါ် နေပူခံကိုယ်တော်ကြီး၊  စန္ဒာမုနိစေတီအုတ်တိုက်များ၊ ပုထိုးတော်ကြီးတို့သည်  အမရပူရ၏အထင်ကရနေရာများဖြစ်ကြောင်း  ပြောပြရသည်။ အုပ်ချုပ်သူဆရာ၊ ဆရာမများနှင့် ယာဉ်မောင်းများအပါအဝင် အင်အား 

၂၈၆ ဦးပါဝင်သည့် လေ့လာရေးအဖွဲ့သည် အချိန်ကန့်သတ်ချက်အရ အမရပူရကို နေရာအနှံ့ လေ့လာနိုင်မည်မဟုတ်သဖြင့် ဦးပိန်တံတားနှင့် တောင်မင်းကြီးတို့ကိုသာ လေ့လာရန် စီစဉ်ခဲ့ရပေသည်။

ကမ္ဘာကျော်ဦးပိန်တံတားသို့ ရောက်ချိန်တွင် လူများကကြိတ်ကြိတ်တိုး    စည်ကားနေသည်။တံတားပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းထိလုမတတ် သွားနေကြသည့် မြင်ကွင်းက တံတားကျိုးကြမည်ကို စိုးရိမ်စရာဖြစ်ခဲ့မိပါသေးသည်။ 

ကလေးများနှင့်အတူ ကျွန်တော်တို့ ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်ကြသည်။ မုန့်စား၊ လက်ဆောင်ပစ္စည်းတွေ ဝယ်ရင်းလွတ်လပ်ပေါ့ပါးစွာပျော်ရွှင်နေသည့်  ကလေးများ၏အပူအပင်ကင်းမှုက  ကျွန်တော့်ထံကူးစက်လာပြီး ငယ်ဘဝနေ့ရက်များကို အမှတ်ရမိစေခဲ့သည်။

လေ့လာရေးခရီးတွင်လိုက်ပါလာသည့် အထက်တန်းကျောင်းသူလေးများက ကျွန်တော်နှင့်အတူ လိုက်လာသည်။ တံတားပေါ်တွင် သူတို့ကကျွန်တော့်အား “ဦးပိန်တံတားက ဘာလို့ကမ္ဘာကျော်ရတာလဲဆရာကြီး ဟုမေးလာတော့ ဦးပိန်အကြောင်း အနည်းငယ်ရှင်းပြရသည်။

ကမ္ဘာကျော်ဦးပိန်တံတား

ငှက်သမ္ဗာန်များသွားလာနေသည့် ကျယ်ပြန့်သောရေပြင်ကျယ်၏အလယ်၌ ခပ်ကွေးကွေးတည်ရှိနေသော သစ်သားတံတားအိုကြီးသည် ကမ္ဘာ့ခရီးသွားများအကြား အလွန်ထင်ရှားသည့် သမိုင်းဝင် ဦးပိန်ရှေးဟောင်းတံတားပင်ဖြစ်သည်။

အင်းရေပြင်ကမ်းစပ်နောက်ခံတွင် မည်စည်ပင်တန်းများရှိနေသည်။    အနီးဝန်းကျင်တွင် ရှေးဟောင်း စေတီပုထိုး၊ အဆောက်အအုံများအပြင် ရှေးဟောင်းသုတေသန နယ်မြေတစ်ခုတည်ရှိသည်။

ထိုနေရာသည် တောင်သမန်ဟုထင်ရှားသည့် ခရီးသွားဒေသတစ်ခုဖြစ်သည်။

ကျွန်းတိုင်လုံး ၉၈၄ တိုင်ဖြင့် တည်ဆောက်ထားပြီး ၆ ဖာလုံရှည်သည့် ဦးပိန်တံတားတွင် ကျွန်တော်နှင့်ကျောင်းသူ၊ ကျောင်းသားလေးများလမ်းလျှောက်ကြသည်။ တံတားတစ်လျှောက်၌ ခရီးသွားများအတွက် နားနေဆောင်ငါးခုရှိသည်။ ကျွန်တော်တို့သည် ဒုတိယမြောက်နားနေဆောင်အထိလျှောက်၍ နားနေဆောင်ပေါ်တွင်နားကာ တောင်သမန်ရှုခင်းကို ကြည့်ရှုပြီး ပြန်လှည့်ခဲ့ကြသည်။

မန္တလေးနှင့် အမရပူရအကြား၌  တည်ရှိသည့် တောင်သမန်အင်းနှစ်ဖက်တွင် ရှေးအစဉ်အဆက်ကပင် ပြည်သူများနေထိုင်ခဲ့ကြသည်။ တောင်သမန်အင်း၏ အရှေ့နှင့်အနောက်တွင် နေထိုင်ကြသူများသွားလာရေးအဆင်ပြေစေရန် ကျွန်းတံတားကြီးတစ်စင်းကို လွန်ခဲ့သော ၁၆၅ နှစ်က တည်ဆောက်ခဲ့ရာ ယနေ့အချိန်တွင် သမိုင်းဝင် ကမ္ဘာကျော်တံတားကြီးဖြစ်လာခဲ့သည်။

ကုန်းဘောင်ခေတ်   ကိုးဆက်မြောက်ဘုရင် ပုဂံမင်း(၁၈၄၆-၁၈၅၃)၏ အမိန့်အရ အမရပူရမြို့ဝန်ရုံးမှ စာရေးဦးပိန်က တောင်သမန်အင်းကိုဖြတ်လျက် ကျွန်းသစ်လုံးတိုင်ပေါင်း ၉၈၄ တိုင်  အသုံးပြု၍ ၆ ဖာလုံရှည်လျားသည့် တံတားကိုတည်ဆောက်ခဲ့

ရာ  ၁၈၅၁ ခုနှစ်တွင်ပြီးစီးခဲ့သည်။

ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်၍ ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တံတားကိုတည်ဆောက်ခဲ့သည့်  ခုနှစ်ကို  အင်းက အော်အာ၊ ဆောက်လုပ်ခါ ဟုလည်းကောင်း၊ တံတားပြီးစီးသည့်ခုနှစ်ကို   “အင်းက အော်ညီး ဆောက်လုပ်ပြီး ဟု လည်းကောင်း မှတ်သားခဲ့ကြသည်။ တိုင်လုံးအရေအတွက်ကို နဝအဋ္ဌ၊ ဇယမောင်ပိန်(၉၈၄)ဟု မှတ်သားကြောင်း ရှင်းပြတော့ကလေးများက စိတ်ဝင်စားကြသည်။

ကျောင်းသူလေးတစ်ယောက်က   တံတားက ဘာလို့ဖြောင့်တန်းမနေဘဲ ကွေးနေတာလဲ ဆရာကြီးဟုမေးပြန်သည်။  လှိုင်းဒဏ်လေဒဏ်ခံနိုင်ရန် တံတားကို တစ်ဖြောင့်တည်း မတည်ဆောက်ဘဲ တောင်ဘက်သို့ ကွေ့ဝိုက်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းရှင်းပြရသည်။ ဦးပိန်တံတားသည် မြန်မာ့မြေပေါ်၊ မြန်မာ့ရေပေါ်တွင် အရှည်လျားဆုံးသော သက်တမ်းရှည် ကျွန်းတံတားကြီး ဖြစ်သောကြောင့် ကမ္ဘာကျော်ခဲ့ရကြောင်းပြောတော့ သူတို့ကျေနပ်သွားကြသည်။

 အမရပူရဆိုတာဘာလဲသိလားဟု ကျွန်တော်ကမေးတော့  သူတို့ကပြုံးပြီး ခေါင်းခါပြကြသည်။ တစ်ယောက်က    ဆရာကြီးရှင်းပြပါဟုဆိုသည်။ “ပါဠိဝေါဟာရ အမရပူရဆိုတာ သေခြင်းကင်းသည့် မြို့လို့  အဓိပ္ပာယ်ရှိတယ်။   ကုန်းဘောင်ခေတ်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တာပေါ့ဟုဆိုတော့ သမိုင်းမှာ သင်ရပါတယ်ဆရာကြီးဟု ပြန်ဖြေကြသည်။ ဖြူစင်ပွင့်လင်းသည့် ကလေးတို့သဘာဝက ချစ်စရာကောင်းလှသည်။

ဦးပိန်တံတားမှ ဆင်းလာတော့ ကျွန်တော်နှင့်အတူ ကလေးတွေ  အတော်များများလိုက်လာကြသည်။ အလယ်တန်း ကလေးများလည်း ပါလာသည်။

တောင်မင်းကြီးကို နှုတ်ဆက်ခြင်း

တံတားမှဆင်းလာပြီး  အင်းစောင်းပတ်လမ်းအတိုင်းလျှောက်လာကာ ကလေးများကို တောင်မင်း ကြီးဘုရားသို့ ခေါ်လာခဲ့သည်။

ဘုရားစောင်းတန်းအတိုင်းလျှောက်လာကြပြီး  အုတ်လှေကားအတိုင်း ဘုရားဂန္ဓကုဋိတိုက်အတွင်း ဝင်လိုက်ချိန်တွင် ငြမ်းများအပြည့်ထိုးထားသဖြင့် ရုပ်ပွားတော်ကို မဖူးမြင်နိုင်ခဲ့ပါချေ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တောင်မင်းကြီးဘုရားနှင့် ဘုရားပရိဝုဏ်အတွင်းရှိ ရှေးဟောင်းစေတီများ  ထိခိုက်ပျက်စီးခဲ့သည်။

ယင်းတို့ကို ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နေသဖြင့် ကလေးများကို တောင်မင်းကြီးရုပ်ပွားတော်ကို ပြသခွင့်မရခဲ့သော်လည်း   ဤရုပ်ပွားတော်သည် တစ်ချိန်က နေပူအောက်တွင် အမိုးအကာမရှိဘဲတည်ရှိခဲ့သဖြင့် နေပူခံကိုယ်တော်ကြီးဟု ထင်ရှားခဲ့ကြောင်းပြောပြတော့ ကလေးတွေက မျက်လုံးလေးတွေအဝိုင်းသားဖြင့်   စိတ်ဝင်တစားဝိုင်းဝန်းမေးခဲ့ကြပုံကို အမှတ်ရမိနေသည်။

  တစ်ချိန်က နေပူထဲတွင်ရှိခဲ့သည့် ဗုဒ္ဓဆင်းတုတော်ကြီးကို သက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် တောင်မင်းကြီး ခေါ် အသည်ဝန် မင်းလှကျော်စွာကတည်ခဲ့သည်။ ရုပ်ပွားတော်ကြီးသည် ၄၆ ပေ ၁၁ လက်မမြင့်သဖြင့် တောင်သမန်အင်းနှင့်အတူ အဝေးမှပင်ထင်ထင်ရှားရှားမြင်ခဲ့ကြရသည်။ ထို့ကြောင့်  ၁၈၅၅ ခုနှစ်တွင် အမရပူရသို့ရောက်လာခဲ့သည့် ဗြိတိသျှသံအဖွဲ့က တောင်သမန်အင်းကို   အပေါ်မှစီးကြည့်နေသည့် ရုပ်ပွားတော်ကြီးဟုဆိုကာ       ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ခဲ့သည်။

တောင်မင်းကြီးဘုရားပရိဝုဏ်အတွင်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရှေးဟောင်းစေတီ နှစ်ဆူကိုကြည့်ပြီး ဘုရားဝင်းအတွင်းမှ ပြန်ထွက်ခဲ့ကြသည်။ ကန်ပတ်လမ်းဘေးတွင် စာအုပ်ဆိုင်တစ်ဆိုင်တွေ့သဖြင့် ကလေးများက သမီးတို့ ဘာစာအုပ်ဝယ်ရမလဲဆရာကြီးဟု မေးကြပြန်ရာ စာအုပ်ဆိုင်ရှေ့တွင် ကျွန်တော်တို့အားလုံးရပ်လိုက်ကြသည်။

ကလေးများ ဝယ်ယူသင့်သည့် သုတ ရသ စာအုပ်များကို ရွေးချယ်ပေးကာ သူတို့ဝယ်ယူပြီးနောက် ကားများပေါ်သို့ ပြန်တက်ကြချိန်တွင် နေအတော်စောင်းနေပြီဖြစ်သည်။

 စာအုပ်တွေ အတော်ရောင်းလိုက်ရသဖြင့် စာအုပ်ရောင်းနေသူက    ကျေးဇူးတင်ပါတယ်ဆရာကြီး၊ သုံးထောင်တန်အပုံထဲက ဆရာကြီးကြိုက်တဲ့ စာအုပ်တစ်အုပ်ယူပါ၊ ကျွန်တော် လက်ဆောင်ပေးတာပါဟု နွေးထွေးသောအပြုံးဖြင့်   ပြောဆိုခဲ့သော်လည်း ကျွန်တော်မယူခဲ့ပါချေ။    ။

MWD