ဆေးဖက်ဝင်မှိုများအကြောင်းသိကောင်းစရာများ

Posted_Date

Image

ဆေးဖက်ဝင်မှိုများအကြောင်းသိကောင်းစရာများ

Body

 မှိုသည် အများအားဖြင့် စိုစွတ်သည့်နေရာ၊ သစ်ပင် ပုပ်၊  မြေဆီလွှာပေါ်တွင်ပေါက်တတ်သည့်   ဟင်းရွက် တစ်မျိုးသာဖြစ်သည်။    တစ်နည်းအားဖြင့်    မှိုကို Fungus ဟုခေါ်ကြပြီး မည်သည့်မှိုကိုမဆို Fungus ဟုခေါ်ဝေါ်သုံးစွဲနိုင်သော်လည်း မျက်စိဖြင့်ကောင်း စွာမြင်နိုင်သော     ပုံသဏ္ဌန်တစ်စုံတစ်ခု၊    ရိုးတံ၊ ထီးရွက်စသည်တို့ပါရှိသည့်    အရွယ်အစားကြီးမားသော မှိုအားလုံးကို Mushroom ဟုခေါ်ဝေါ်ကြသည်။ မှိုသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက်ပါ     အကျိုးကျေးဇူးများစွာ ရရှိစေသည်။ စားသုံးမှိုအမျိုးမျိုး ရှိရာတွင်        တစ်နှစ်လျှင် တစ်ကြိမ်သာပေါ်သော သဘာဝမှိုများ ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရသောမှိုများ လည်းရှိကြသည်။ 

မှိုအမျိုးအစားများ

မှိုအမျိုးအစားများစွာရှိရာတွင် စား၍ရသောမှိုများ နှင့် အဆိပ်ရှိသောမှိုများဟူ၍ နှစ်မျိုးခွဲခြားနိုင်သော် လည်း စားသုံးသူများအနေဖြင့် စားသုံးရန်သင့်လျော် သောမှိုနှင့်   စားသုံးရန်မသင့်လျော်သောမှိုတို့ကို ခွဲခြားသိရှိရန်  အရေးကြီးသည်။   စားသုံးရန်မသင့် သောမှိုသည်   အစားအသောက်များ    အချိန်လွန်၍ ပုပ်သိုးဆွေးမြည့်ရာမှ   ဖြစ်ပေါ်လာသောမှိုများကို ဆိုလိုသည်။ စားသုံး၍သင့်လျော်သော မှိုအမျိုးအစား တွင်    လူသားတို့စားသုံးနေသည့် သဘာဝအလျောက်  ပေါက်ရောက်လေ့ရှိသော  သဘာဝမှိုနှင့်စားသုံးရန် သင့်လျော်သည့်         မှိုအမျိုးအစားများဖြစ်သော ကောက်ရိုးမှို၊   ငွေနှင်းမှိုနှင့်     ငွေမိုးမှိုစသည်တို့ဖြစ် သည်။

စားသုံး၍ရသောမှိုများ

ကမ္ဘာပေါ်တွင် မှိုမျိုးစိတ်ပေါင်း ၁၄၀၀၀ ခန့်ရှိပြီး စားသုံးနိုင်သည့်မှိုမျိုးစိတ်ပေါင်း  ၂၀၀၀   ကျော်ခန့် သာရှိသည်ဟု   သိထားကြသော်လည်း     အများဆုံး စားသုံးနေကြသည့်    မှိုအရေအတွက်မှာ  ၂၀  မှ ၃၀ ဝန်းကျင်သာရှိသည်။     အဆိပ်မပါဘဲ    အာဟာရ ဓာတ်များစွာပါသည့် ကမာမှို၊ ကြယ်သီးမှို၊ ရှီတာကီ၊ အီနိုကီမှို၊ ကောက်ရိုးမှို၊ ကြွက်နားရွက်မှို၊ လင်ဇီးမှို နှင့်   ကောက်ရိုးမှိုတို့မှာ   စား၍ရသောမှိုများဖြစ်ပြီး ကျန်းမာရေးအတွက်အကျိုးကျေးဇူးများသောကြောင့်    လူကြိုက်များသည်။       စားသုံးမှိုအမျိုးမျိုးရှိသည့် အနက် ငွေနှင်းမှို၊ ကောက်ရိုးမှိုနှင့် ကြွက်နားရွက်မှို များသည် အလွယ်တကူစိုက်ပျိုးနိုင်သည့်မှိုများဖြစ်ပြီး   ငွေနှင်းမှိုကို နေအိမ်တိုက်ခန်းများတွင်   လေဝင် လေထွက်ကောင်းမွန်၍ တိုက်ရိုက်မပူသော အစိုဓာတ် ကောင်းမွန်သည့် နေရာများတွင် အလွယ်တကူစိုက်ပျိုး နိုင်သည်။

 မှိုတွင်ပါဝင်သောအာဟာရဓာတ်များ

မှိုသည်  အရသာရှိရုံသာမက ကျန်းမာရေးအတွက်ပါ    အကျိုးကျေးဇူးများစွာရရှိစေသည်။    မှိုတွင် ကယ်လိုရီနည်းပြီး ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအား စနစ်ကို    ပံ့ပိုးကူညီပေးသည်။  မှိုတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်အာနိသင်များသည်  မျှတသော အစားအသောက်အတွက်      အကောင်းဆုံးသော ဖြည့်စွက်ချက်တစ်ခုဖြစ်နိုင်ပြီး    အလုံးစုံကျန်းမာ ရေးနှင့်ကျန်းမာပျော်ရွှင်မှုကို အထောက်အကူပြုနိုင်သည်။       သဘာဝအလျောက်ရရှိသောမှိုများတွင် စားသုံးသူများ အတွက်  အဆိပ်အတောက်ဖြစ်စေနိုင် သောမှိုအမျိုးအစားများပါရှိတတ်သော်လည်း စိုက် ပျိုးမှိုအားလုံးသည်       ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်သည်။ စိုက်ပျိုးမှိုဖြစ်စေ၊ သဘာဝမှိုဖြစ်စေ စားသုံးနိုင်သော မှိုအမျိုးအစားအားလုံး၏တူညီသည့် အချက်များမှာ လူသားများအား အရသာအနေဖြင့် စွဲလမ်းမှုဖြစ်ပေါ်စေခြင်း၊  အာဟာရဓာတ်ပြည့်ဝစေ ခြင်းတို့သာမက   ဗိုင်းရပ်စ်ရောဂါများ ကာကွယ်ပေး ခြင်း၊ ကိုယ်ခံစွမ်းအားကို  မြှင့်တင်ပေးခြင်းတို့ကိုဖြစ် စေနိုင်ပြီး   မှိုအမျိုးအစားအလိုက်  အာနိသင်အနည်း အများသာကွာခြားသည်။  စားသုံးနိုင်သော  မှိုတစ်မျိုး ချင်းစီတွင်ပါဝင်သော အာဟာရဓာတ်များ၊   ကျန်းမာ ရေးအကျိုးကျေးဇူးများနှင့်     စားသုံးမှုပုံစံများစွာရှိသည်။

ကမာမှိုတွင်ပါဝင်သော အာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

ကမာပုံစံကဲ့သို့ အဝိုင်းခြမ်းပုံသဏ္ဌန်ရှိသည့် နူးညံ့ သောအရသာနှင့်    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကမာမှိုတွင် Protein၊ Fiber၊ Vitamin-B၊ Potassium၊ Iron စသည့် အာဟာရနှင့် သတ္တုဓာတ်များ ပါဝင်သည့်အပြင်  ဘီတာဂလူကန် ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်တိုးစေခြင်း၊      နှလုံးကျန်းမာရေး ကောင်းစေခြင်း၊ ကိုလက်စထရောလျော့စေနိုင်ခြင်း၊ သွေးဖိအား ထိန်းညှိရာတွင် အထောက်အကူပြုခြင်း၊ အမျှင်ဓာတ်ပါဝင်မှုကြောင့်     သွေးချိုတက်မြန်မှုကို လျော့ကျစေနိုင်ခြင်း၊  ဆီးချိုထိန်းရာတွင် အထောက် အကူဖြစ်ခြင်း၊   ကယ်လိုရီနည်းပြီး  ဗိုက်ပြည့်စေသော ကြောင့် ကိုယ်အလေးချိန်ထိန်းရန် ကူညီပေးနိုင်ခြင်း  စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာ    ပေးစွမ်းနိုင်သည်။ 

ရှီတာကီမှိုတွင် ပါဝင်သောအာဟာရဓာတ်များနှင့်     ကျန်းမာရေးအကျိုးကျေးဇူးများ

ရှီတာကီမှိုသည် အမျှင်ဓာတ်နှင့်   ဗီတာမင်-D ၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး   ကိုယ်ခံစွမ်းအားစနစ်မြှင့်တင်နိုင်သော    ဂုဏ်သတ္တိများရှိသည်။    ဆေးဘက်ဆိုင်ရာအသုံးအနေဖြင့်     အဆိပ်မရှိသော   ရှီတာကီမှိုသည်  ကိုလက်စထရောလျော့ကျရာတွင်       အထောက်အကူပြု နိုင်သောကြောင့်  နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊  ဗီတာမင်-D ပါဝင်သောကြောင့် အရိုးကျန်းမာရေး ကောင်းမွန်စေခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်နှင့် ဘီတာဂလူကန်တို့ပါဝင်သောကြောင့်   ကိုယ်ခံအားကောင်းစေခြင်းစသည့်     ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်။ ရှီတာကီမှိုခြောက် ၁၀၀ ဂရမ်တွင် ပရိုတင်း ၁၇   ဒသမ  ၅  ဂရမ်၊  အဆီ  ၈  ဂရမ်၊  ပြာ  ၈  ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၆၇ ဒသမ ၅ ဂရမ်နှင့်  ခိုက်တိုစံ၊ ပိုလီဆင်ခရိုက်၊ ဖီနော၊ ဂလူကန် စသည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတို့ ပါဝင်ပြီး စွမ်းအင် ၃၈၇ ကယ်လိုရီကိုရရှိစေသည်။

လင်ဇီးမှိုတွင် ပါဝင်သောအာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

လင်ဇီးမှို၏ အင်္ဂလိပ်အမည်မှာ  Reishi / Lingzhi   ဖြစ်ပြီး  သိပ္ပံအမည်   Ganoderma  lucidum နှင့် Ganodermataceae    မျိုးရင်းအုပ်စုတွင် ပါဝင်ကာ ဆေးဘက်ဆိုင်ရာတွင် အသုံးများသော်လည်း မစားသင့်သောမှိုဖြစ်သည်။   လင်ဇီးမှို၏ထူးခြားချက်မှာ     တောင့်တင်းမာကျောခြင်းဖြစ်ပြီး   ယင်းကိုမှိုဟင်းအဖြစ် တိုက်ရိုက်မစားကြဘဲ   မှိုခြောက်ပြုလုပ်ပြီး လက်ဖက်ရည်တွင်ထည့်၍ သောက်သုံးခြင်း၊ မှိုခြောက် ကိုအမှုန့်ပြုလုပ်၍    မှိုမှုန့်အနေဖြင့်စားသုံးခြင်းနှင့်     ဖြည့်စွက်စာနှင့် လက်ဖက်ရည်အဖြစ် သုံးလေ့ရှိသည်။   လင်ဇီးမှိုသည် သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အသည်း ရောဂါများအတွက်     ဆေးဖက်ဝင်သည့်အတွက် တိုင်းရင်းဆေးနှင့်      တရုတ်ရိုးရာဆေးပညာတွင် အသုံးပြုကြသည်။   လင်ဇီးမှိုသည် ကိုယ်ခံအားမြှင့် တင်ပေးနိုင်သောဆေးမှိုအဖြစ်      နာမည်ကြီးပြီး ပင်ပန်းနွမ်းနယ်မှုလျော့စေခြင်း၊    တချို့လူများတွင် အားအင်တိုးစေသည်ဟုယူဆခြင်း၊   ဓာတ်တိုးဆန့်ကျင် အာနိသင် ရှိခြင်းကြောင့် ဆဲလ်ပျက်စီးမှုကိုလျော့စေနိုင်ခြင်း၊ ကောင်းမွန်စွာအိပ်စက်နိုင်ရန်ကူညီပေးခြင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူး များကြောင့် တိုင်းရင်းဆေးပညာနယ်ပယ်တွင်အသုံးများသည်။ သို့ရာတွင် သွေးကျဲဆေးသောက်နေသူများ အလွန် အကျွံသုံးစွဲလျှင် ဝမ်းလျှောခြင်းနှင့် ပါးစပ်ခြောက်ခြင်း တို့ဖြစ်နိုင်သည်။

ကြယ်သီးမှိုတွင် ပါဝင်သောအာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

ကြယ်သီးမှိုကို    အင်္ဂလိပ်လို   White Button/ Agaric/ Pizza   Mushroom ဟုခေါ်ပြီး သိပ္ပံအမည်မှာ Agaricus Bisporus ဖြစ်သည်။ ယင်းမှိုခြောက် ၁၀၀ ဂရမ်တွင် ပရိုတင်း ၂၉ ဒသမ ၂၉ ဂရမ်၊ အဆီ ၂ ဒသမ ၂၇ ဂရမ်၊ ပြာ  ၇ ဒသမ ၂၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၂၀ ဒသမ ၅၇ ဂရမ်နှင့်   ခိုက်တိုစံ၊   ပိုလီဆင်ခရိုက်၊ ဖီနော၊  ဂလူကန် စသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တို့ပါဝင်သောကြောင့် ကျန်းမာရေးအတွက် ကောင်း ကျိုးများစွာရရှိစေသည်။  ထို့ပြင်  ကြယ်သီးမှိုသည် ကယ်လိုရီမရှိသလောက်နည်းပါးသော်လည်း   ခန္ဓာ ကိုယ်တည်ဆောက်ရေးတွင်  မရှိမဖြစ်လိုအပ်သည့်အာဟာရဓာတ်များဖြစ်သော ဗီတာမင် -B၊ ဆီလီနီယမ်၊   ပိုတက်ဆီယမ်တို့    ကြွယ်ဝစွာပါဝင်သည်။

အီနိုကီမှို (အပ်မှို)တွင်ပါဝင်သော အာဟာရဓာတ်များနှင့်ကျန်းမာရေးအကျိုးကျေးဇူးများ

အပ်မှိုဟုလူသိများသည့်       ရှည်လျားသေးငယ်သောပုံစံရှိသည့်      အီနိုကီမှိုခြောက်  ၁၀၀ ဂရမ်တွင် ပရိုတင်း (၁၇.၈-၂၇.၉) ဂရမ်၊ အဆီ (၁.၈ - ၇.၃) ဂရမ်၊ ကာဗိုဟိုက်ဒရိတ်   (၅-၈၇.၁) ဂရမ်နှင့်    ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများဖြစ်သည့်      ပိုလီဆင်ခရိုက်၊  ဖီနောနှင့်  ဖလာမူလင်တို့ပါဝင်ပြီး စွမ်းအင် (၁၀.၁-၅၉) ကယ်လိုရီကိုရရှိစေသည်။ အီနိုကီမှိုတွင် အမျှင် ဓာတ်များပြားသောကြောင့်  အစာချေဖျက်မှုကောင်းစေပြီး ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်သော  ဒြပ်ပေါင်းများပါဝင်ခြင်း၊  ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်မှုများခြင်း      စသည့်  ကျန်းမာရေး ကောင်းကျိုးများရစေသည်။   ယခုကဲ့သို့     လူတိုင်း သိထားသင့်သော    မှိုအမျိုးမျိုး၏ ဆေးဖက်ဝင်သော အကြောင်းကို အပိုင်း(၂)တွင် ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

MWD

Photo Crd Kitchn