မြန်မာ့သနပ်ခါးလိမ်းသည့်ဓလေ့ - အမျိုးသားယဉ်ကျေးမှုအမှတ်သညာနှင့်ဆေးဖက်ဝင်အာနိသင်များ
Posted_Date
Image
Body
မြန်မာ့လူ့အဖွဲ့အစည်းတွင် သနပ်ခါးနှင့် မြန်မာလူမျိုးတို့သည် ခွဲခြား၍မရနိုင်လောက်အောင်ပင် ရိုးရာဓလေ့ထုံးစံအရ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်မှာ ရှေးနှစ်ပေါင်းများစွာကတည်းကဖြစ်သည်။
သနပ်ခါးလိမ်းသည့် အလေ့အထသည် တောင်ပေါ်မြေပြန့်မကျန်၊ ကျားမ မရွေး၊ လူကြီး/လူငယ်မရွေး၊ လူမျိုးနှင့်ဆင်းရဲချမ်းသာမရွေး
မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားအသုံးပြုကြသည့် တစ်ခုတည်းသောအမျိုးသားယဉ်ကျေးမှုအမှတ်သညာတစ်ခုဖြစ်သည်။ သုံးစွဲသူအား ယဉ်ကျေးသိမ်မွေ့ပြီး အေးမြသော ကျက်သရေကိုဆောင်နှင်းပေးနိုင်သည့်အပြင် ခေတ်အဆက်ဆက် ခိုင်မြဲစွာရှင်သန်လာခဲ့သော ဤဓလေ့အား ယနေ့တွင် ကမ္ဘာကသိရှိစေရန် ယူနက်စကို၏ လူသားမျိုးနွယ်တို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကိုယ်စားပြုစာရင်းသို့ ထည့်သွင်းနိုင်ရန် တရားဝင်အမည်စာရင်းတင်သွင်းထားပြီးဖြစ်သည်။
ဝေါဟာရအဓိပ္ပာယ်နှင့်ရုက္ခဗေဒဆိုင်ရာခွဲခြားမှု
“သနပ်ခါး”ဟူသောဝေါဟာရသည် ပါဠိဘာသာစကား “သနပ်ခါး”မှ ဆင်းသက်လာပြီး “သန” (အညစ်အကြေး)နှင့် “ခါး” (ပယ်ဖျောက်ခြင်း)ဟု အဓိပ္ပာယ်ရသဖြင့် “အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးသောအရာ”ဟု တိုက်ရိုက်အနက်ဖွင့်နိုင်သည်။
ရုက္ခဗေဒသိပ္ပံနည်းကျလေ့လာချက်များအရ သနပ်ခါးပင်သည် Rutaceae (ရှောက်မျိုးနွယ်ဝင်) အုပ်စုတွင်ပါဝင်ပြီး အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။
မြန်မာအမည်မှာ သနပ်ခါးဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Chinese Box Tree, Wood Apple ဖြစ်သည်။ မျိုးရင်းမှာ Rutaceae ဖြစ်ပြီးမျိုးစုမှာ Limonia ဖြစ်သည်။ မျိုးစိတ်မှာ L. acidissima ဖြစ်ပြီး သိပ္ပံအမည်များမှာ Naringi crenulata (Roxb), Limonia acidissima, Hesperethusa crenulata (Roxb) Roem တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ယင်းသနပ်ခါးပင်၏ ပင်စည်နှင့်အကိုင်းအခက်များကိုခုတ်ဖြတ်၍ အရွယ်အစား ၄ လက်မမှ ၆ လက်မခန့်ရှိသော “သနပ်ခါးတုံး”များပြုလုပ်ကာ လိမ်းကျံရန် အသုံးပြုကြသည်။
သမိုင်းကြောင်းနှင့် စိုက်ပျိုးရာဒေသ သဘာဝ
သနပ်ခါးယဉ်ကျေးမှုသည် ရှေးဟောင်းသုတေသနအထောက်အထားများအရ ပုဂံခေတ် အေဒီ ၁၁ ရာစုလက်ရာ နဂါးရုံဘုရား နံရံဆေးရေးပန်းချီ၊ အေဒီ ၁၁၁၃ ခုနှစ်တွင်တည်ခဲ့သည့် မြင်းကပါဂူပြောက်ကြီးဘုရားနံရံဆေးရေးပန်းချီနှင့် အေဒီ ၁၁၉၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရားအတွင်းရှိ နံရံပန်းချီများတွင် သနပ်ခါးနှင့်ကျောက်ပျဉ်အသုံးပြုမှုကို ထင်ရှားစွာတွေ့ရှိရသဖြင့် မြန်မာတို့သည် သနပ်ခါးကို ခေတ်အဆက်ဆက်သုံးစွဲခဲ့ကြောင်း သက်သေပြနေသည်။
မြန်မာ့သနပ်ခါးသည် နံ့သာ ၁၀ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သီရိလင်္ကာ၊ အိန္ဒိယအနောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ပေါက်ရောက်တတ်သော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရေရှားဒေသများတွင် အကောင်းဆုံးရှင်သန်ဖြစ်ထွန်းကြသည်။ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ အရာတော်နှင့် မုံရွာမြို့နယ်တို့သည် သနပ်ခါးထွက်ရှိရာ အဓိကအချက်အချာဒေသများဖြစ်ကြသည်။ ၎င်းတို့အနက် အသားညက်ညောပြီး ဝါဝင်းသော “ရွှေဘိုသနပ်ခါး”နှင့် ရနံ့အလွန်မွှေးကြိုင်သော “ရှင်မတောင်သနပ်ခါး”တို့မှာ မြန်မာနိုင်ငံတွင် အကျော်ကြားဆုံးဖြစ်ကြသည်။ ၁၉၂၈ ခုနှစ်ခန့်မှစ၍ အရာတော်မြို့နယ်တွင် ယာမြေများ၌ စနစ်တကျပြောင်းလဲစိုက်ပျိုးလာခဲ့ရာ ယခုအခါ အရာတော်မြို့အား “သနပ်ခါးမြို့တော်”ဟုပင် ခေါ်ဆိုရလောက်အောင် ကျေးရွာတိုင်း၌ စိုက်ခင်းများရှိနေသည်။
အလှအပဓလေ့နှင့်မရှိမဖြစ် “ကျောက်ပျဉ်”
ကျောက်ပျဉ်သည် မြန်မာအမျိုးသမီးများ အမွှေးနံ့သာလိမ်းကျံရန်နှင့် သနပ်ခါးသွေးရန်အတွက် မရှိမဖြစ်အရေးကြီးသော အိမ်ထောင်
ပရိဘောဂတစ်ခုဖြစ်သည်။ ကျောက်ပျဉ်ကို သာမန်ထီးကျောက်မျိုးမဟုတ်သော ကျောက်ချပ်ပြားကို ဝိုင်းအောင်ဆစ်၍ မျက်နှာပြင်ညီညာအောင်ပြုပြင်ယူရသည်။ ပတ်လည်တွင် ဘေး၌ဝိုင်းရံ၍ ရေခံတည် ခေါ် ချိုင့်မြောင်းငယ်(ရေမြောင်း)ကို ထွင်းထုထားရပြီး မျက်နှာပြင်အလယ်သို့ အနည်းငယ်မို့သွားစေသည်ကို “မြင်းမိုရ်”ဟုခေါ်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သွေးထားသော သနပ်ခါးရည်များ ဘေးပတ်လည်ရေခံမြောင်းထဲသို့ အလွယ်တကူလျှောဆင်းနိုင်သည်။
ကျောက်ပျဉ်ကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းခရိုင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နယ်အတွင်းရှိ မင်းကန်ရွာမှ အများအပြား ပြုလုပ်ရောင်းချကြပြီး စစ်ကိုင်းနယ်ထွက်ကျောက်ပျဉ်မှာ မင်းကန်ရွာမှထွက်ကာ ကျောက်သားရင့်ပြီး လူကြိုက်များသည်။
ကျောက်ပျဉ်ထက်တွင် ရေအနည်းငယ်ဆွတ်၍ သနပ်ခါးတုံးကို စိတ်ရှည်လက်ရှည်သွေးခြင်းဖြင့် ရရှိလာသော မပျစ်မကျဲသနပ်ခါးနှစ်ကို မျက်နှာ၊ လက်နှင့်တစ်ကိုယ်လုံးတွင် လိမ်းကျံကြသည်။
နေ့စဉ်လူမှုဘဝနှင့်ရိုးရာပွဲတော်များရှိ သနပ်ခါး၏အခန်းကဏ္ဍ
သနပ်ခါးသည် မြန်မာတို့၏ဘဝဖြစ်တည်မှုတစ်လျှောက် ကလေးငယ်မွေးဖွားချိန်မှစ၍ သေဆုံးသည်အထိ လူမှုရေး၊ ဘာသာရေးတို့တွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။
မိခင်မေတ္တာနှင့် သနပ်ခါးခွံ့ခြင်းဓလေ့- မြန်မာမိသားစုများတွင် မိခင်ဖြစ်သူသည် ကလေးငယ်အား ရေချိုးသန့်စင်ပေးပြီးနောက် ကျောက်ပျဉ်ထက်မှ သနပ်ခါးရည်ပျစ်ပျစ်ကို လက်ဖြင့်သပ်ယူကာ နဖူးနှင့် ပါးပြင်ပေါ်တွင် ဘုရားကိုအာရုံပြု၍ လိမ်းခြယ်ပေးလေ့ရှိသည်။ ထို့ပြင် ကြွင်းကျန်သော သနပ်ခါးရည်သန့်သန့်ကို ကလေး၏ဝမ်းတွင်းအေးစေရန် ပါးစပ်ထဲသို့ ခွံ့ကျွေးလေ့ရှိရာ ၎င်းသည် ကလေးငယ်အား အေးမြလုံခြုံမှုနှင့် မိခင်၏ဆုံးမစကားများကို မှတ်သားစေနိုင်သော စိတ်ပညာဆိုင်ရာကောင်းကျိုးကိုပါ ရရှိစေသည်။
မီးဖုန်းပွဲတော် (တပို့တွဲလ)- မြန်မာပြက္ခဒိန်အရ အအေးဆုံးဖြစ်သော တပို့တွဲလ(ဖေဖော်ဝါရီလ)တွင် ဘုရားရှင်အား ရည်မှန်း
၍ သနပ်ခါးသားများကို စုပေါင်းမီးပူဇော်သည့် “မီးဖုန်းလှူပွဲ”ကျင်းပကြသည်။
ဘုရားမျက်နှာသစ်တော်မူခြင်း - မန္တလေးမြို့ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရားများတွင် နေ့စဉ်
အရုဏ်တက်ချိန်၌ သနပ်ခါးရည်သန့်များဖြင့် မျက်နှာတော်သစ် ရေသပ္ပာယ်ပူဇော်ကြသည်။
သနပ်ခါးပါးတို့ပွဲ- အညာဒေသ ရပ်ရွာပွဲလမ်းသဘင်များတွင် လူငယ်များ ချစ်ခင်ရင်းနှီးမှုရယူရန် သနပ်ခါးပါးတို့ တမ်းကစားကြသည့် ချစ်စရာဓလေ့တစ်ခုရှိသည်။
တိုင်းရင်းဆေးပညာနှင့် သိပ္ပံနည်းကျ အကျိုးအာနိသင်များ
မြန်မာ့တိုင်းရင်းဆေးကျမ်းများအရ သနပ်ခါးသည် ပူခါး၊ သွေးကိုကြွစေ၏၊ ပူခါးချိုပွင့်ဖြစ်၏၊ ငန်းမန်းကိုနိုင်၏၊ အပူနာ-အအေးနာနှစ်မျိုးလုံးတွင် သုံးနိုင်သည်ဟုဆိုသည်။ သနပ်ခါး၏အစိတ်အပိုင်းအလိုက် ဆေးဖက်ဝင်ပုံမှာ -
(၁) အပွေး(အခေါက်)သည် ရောင်ရမ်းမှုကိုသက်သာစေပြီး မျက်နှာအသားအရေကို နုပျိုစေကာ ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို သက်သာစေသည်။
(၂) အမြစ်သည် ဝမ်းဗိုက်နာခြင်းနှင့် သားအိမ်ရောဂါများ၊ နှလုံးရောဂါအတွက် နှလုံးအားပေးဆေးအဖြစ်သုံးသည်။
(၃) အသီးသည် အဆိပ်ဖြေဆေးနှင့်ကျောက်ရောဂါကာကွယ်ဆေးအဖြစ်အသုံးပြုကြသည်။
(၄) အရွက်ကို ဝက်ရူးပြန်ရောဂါကာကွယ်ဆေး၊ အနာကြီးရောဂါနှင့် ငှက်ဖျားရောဂါပျောက်ဆေးများတွင်သုံးသည်။
ဓာတ်ခွဲခန်းသုတေသနပြုချက်များအရ-
(၁) အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်စွမ်းရှိပြီး ဆဲလ်သေများကို ဖယ်ရှားကာ အသားအရေကို တင်းရင်းဖြူစင်စေသည်။
(၂) နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အစွမ်းထက်စွာ ကာကွယ်ပေးနိုင်သဖြင့် နေလောင်ခြင်းနှင့် အရေပြားကင်ဆာဖြစ်ပွားခြင်းတို့မှ အကာအကွယ်ပေးသည်။
(၃) ဗက်တီးရီးယားနှင့် မှိုများကိုသေစေနိုင်သဖြင့် ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံနှင့်အမည်းစက်များကို ပျောက်ကင်းစေပြီး အသားအရေကို သဘာဝအတိုင်း အေးမြလန်းဆန်းစေသည်။
မျိုးဆက်သစ်လက်ဆင့်ကမ်းမှုနှင့် အနာဂတ်ထိန်းသိမ်းစောင့်ရှောက်ရေး
ယခင်က သနပ်ခါးကို မိရိုးဖလာအတိုင်း အိမ်တွင်း၌သာ အဓိကလက်ဆင့်ကမ်းခဲ့ကြသော်လည်း ယခုအခါ အရှိန်အဟုန်ဖြင့် ပြောင်းလဲ
လာသော ကမ္ဘာ့အလှကုန်ဈေးကွက်နှင့်အညီ မြန်မာတို့သည် သနပ်ခါးကို ရိုးရာသွေးရုံတင်မကဘဲ လူသားတို့၏ တီထွင်ဖန်တီးမှု စွမ်းရည်ကို အသုံးပြုကာ သနပ်ခါးမိတ်ကပ်၊ သနပ်ခါးပေါင်ဒါနှင့်ရေမွှေးများအဖြစ် ခေတ်မီစွာထုတ်လုပ်သုံးစွဲလာကြပြီဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများစုပေါင်း၍ “မြန်မာနိုင်ငံသနပ်ခါးအသင်း”ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာမြှင့်တင်ခြင်း၊ သင်တန်းများနှင့် ဟောပြောပွဲများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ချမ်းအေးလှသည့် ဆောင်းရာသီ တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့်ပူဇော်ကြသည့် အစဉ်အလာကိုအခြေပြု၍ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ “တပို့တွဲလပြည့်နေ့”ကို “မြန်မာ့သနပ်ခါးနေ့”အဖြစ် သတ်မှတ်ပေးခဲ့သည်။
မြန်မာ့သနပ်ခါးလိမ်းသည့်ဓလေ့သည် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ သဘာဝတရားနှင့် လူသားတို့ လိုက်လျောညီထွေ နေထိုင်တတ်သည့် အသိပညာကိုပြသနေသော အကောင်းဆုံးပြယုဂ်ဖြစ်သည်။ ဤယဉ်ကျေးမှု ဓလေ့အား ယူနက်စကို၏ လူသားမျိုးနွယ်တို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းသို့ တင်သွင်းခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ မတူကွဲပြားသော ယဉ်ကျေးမှုများအကြား အပြန်အလှန်လေးစားမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး မြန်မာတို့၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာခဲ့သော ရိုးရာအနုပညာနှင့်ဓလေ့စရိုက်သည်လည်း နောင်နှစ်ပေါင်းထောင်ချီတိုင်အောင် ကမ္ဘာ့အလယ်တွင် ဆက်လက်တောက်ပနေမည်ဖြစ်သည်။ မိမိတို့၏ထူးခြားလှသော မြန်မာ့သနပ်ခါးယဉ်ကျေးမှုအမွေအနှစ်ကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပါတော့သည်။ ။
MWD
