တနင်္လာနေ့ (ဇွန် ၈) နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်ကိုဗဟိုပြု၍ ပြင်းထန်သောမြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ မင်ဒါနာအို (Mindanao) ကျွန်းစုကို တုန်ခါသွားစေခဲ့ပြီး အာရှဒေသအချို့တွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။ ဒေသခံများမှာ အဆောက်အအုံများအတွင်းမှ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီး ကမ်းရိုးတန်းဒေသရှိ ပြည်သူများကိုလည်း ကုန်းတွင်းပိုင်းသို့ အမြန် ရွှေ့ပြောင်း ကြရန် တိုက်တွန်းထားသည်။အချို့သော စောင့်ကြည့်ရေးအေဂျင်စီများနှင့် သတင်းဌာနများက အစပိုင်းတွင် အဆိုပါ ငလျင်ကို ပမာဏ (မဂ္ဂနီကျု) ၈.၂ ရှိသည်ဟု ဖော်ပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ပမာဏ ၇.၈ ရှိကြောင်း ပြင်ဆင် သတ်မှတ်ခဲ့သည်။ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မင်ဒါနာအိုကျွန်းအနီး၊ အနက် ၃၅ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ပမာဏ ၆.၁ အထိရှိသည့် နောက်ဆက်တွဲငလျင်များ ဆက်တိုက် ထပ်မံလှုပ်ခတ်ခဲ့သည်။ဖိလစ်ပိုင်တောင်ပိုင်းတစ်ခွင် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ဆက်လက်စိစစ်နေဆဲဖြစ်ပြီး လက်ရှိတွင် အနည်းဆုံး လူတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များ၌ အဆောက်အအုံများယိမ်းထိုးနေခြင်း၊ မျက်နှာကြက်များနှင့် နံရံများ အက်ကွဲကုန်ခြင်း၊ လမ်းမများပေါ်သို့ အဆောက်အအုံအပျက်အစီးများ ပြုတ်ကျလာခြင်းတို့နှင့်အတူ ထိတ်လန့်တကြား ဖြစ်နေသော ဒေသခံများက နေအိမ်များ၊ ဆိုင်ခန်းများနှင့် ရုံးခန်းများအတွင်းမှပြေးထွက်လာကြသည်ကို မြင်တွေ့ရသည်။ အခြားဗီဒီယိုများတွင်မူ ပျက်စီးသွားသော အဆောက်အအုံများနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျမှုများကို တွေ့ရပြီး ငလျင်ဒဏ်သင့် မင်ဒါနာအိုဒေသရှိ လမ်းတံတားများ၊ ဆိပ်ကမ်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ဆေးရန် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များကို စေလွှတ်ထားရသည်။ဂျင်နရယ်ဆန်းတို့စ် (General Santos) မြို့ ရဲတပ်ဖွဲ့မှ အရာရှိ Robert Dagon က "အဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးသွားပါတယ် ၊ ဒါပေမဲ့ အခု လောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာမို့ စာရင်းအတိအကျ ကိုတော့ မပြောနိုင်သေးပါဘူး" ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး နေအိမ် အချို့ အပါအဝင် အဆောက်အအုံအနည်းငယ် ပြိုကျသွားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ အလာဘဲလ် (Alabel) မြို့ရှိ ရဲစခန်းသည်လည်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီး ငလျင်လှုပ်ခတ်ချိန်မှာ ရဲအရာရှိများ နိုင်ငံတော်အလံအလေးပြုနေချိန်ဖြစ်ကြောင်း ဒေသခံရဲချုပ်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ငလျင်လှုပ်ခတ်ပြီးနောက် ကမ်းရိုးတန်းဒေသအများအပြားအတွက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဖိလစ်ပိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် အမြင့် ၃ မီတာအထိရှိသော လှိုင်းလုံးကြီးများ ရိုက်ခတ်နိုင်ကြောင်းနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ ထိုင်ဝမ်၊ ဂူအမ်၊ ပါပူဝါနယူးဂီနီနှင့် အခြားပစိဖိတ် အနောက်ဘက်ဒေသများတွင်လည်း ပိုမိုသေးငယ်သော ဆူနာမီလှိုင်းတိုများ ရိုက်ခတ်နိုင်ကြောင်း ပြောကြားထားသည်။အာဏာပိုင်များက ငလျင်ဒဏ်သင့် ကမ်းရိုးတန်းဒေသရှိ ပြည်သူများအနေဖြင့် ကမ်းခြေများ၊ ဆိပ်ကမ်းများနှင့် မြေနိမ့်ပိုင်းဒေသများမှ ချက်ချင်းရွှေ့ပြောင်းရန်နှင့် ဆူနာမီအန္တရာယ် လုံးဝကျော်လွန်သွားသည့်အထိ ရွှေ့ပြောင်းခိုင်းသည့်အမိန့်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်နှင့် မီးတောင်လှုပ်ရှားမှု အတက်ကြွဆုံးဇုန်တစ်ခုဖြစ်သည့် ပစိဖိတ် မီးကွင်းဂယက် (Ring of Fire) ပေါ်တွင် တည်ရှိ သောကြောင့် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် ပြင်းထန်သော မုန်တိုင်းဒဏ်များကို မကြာခဏခံရလေ့ရှိသည်။ တာဝန်ရှိသူများက နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးထားပြီး အဆောက်အအုံများကို အန္တရာယ်ကင်းရှင်းရေး စစ်ဆေးပြီးသည်အထိ ဒေသခံများအနေဖြင့် အပြင်ဘက် သို့မဟုတ် ဘေးကင်းသော ကွင်းပြင်များတွင်သာ နေထိုင်ကြရန် အကြံပြုထားသည်။ဒေသတွင်း အစောပိုင်းသတင်းထုတ်ပြန်ချက်များအရ အဆိုပါငလျင်ဒဏ်ကို အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းဖြစ်သော ဆူလာဝေစီမြောက်ပိုင်း (North Sulawesi) နှင့် မာလုကု မြောက်ပိုင်း (North Maluku) ဒေသအချို့တွင်လည်း ခံစားခဲ့ရကြောင်း သိရှိရသည်။ကိုးကား- RTPhoto: France 24ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Sun, 7-Jun-2026