ဖိလစ်ပိုင်နိုင်ငံ၌ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူ ၃၅ ဦးသေဆုံးပြီး အဆောက်အအုံများစွာပြိုကျ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆာရန်ဂါနီ ပြည်နယ်၌ ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျုရှိအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးကာ စာသင်ကျောင်းများနှင့် လေကြောင်းလိုင်းများကို ယာယီရပ်ဆိုင်းထားရကြောင်း တာဝန်ရှိသူများကပြောသည်။ ငလျင်ကြောင့် အိမ်နီးချင်းနိုင်ငံ အချို့၌ဆူနာမီသတိပေးချက် ထုတ်ပြန်ရသော်လည်း နောက်ပိုင်းတွင်ထုတ်ပြန်ချက်ကိုပြန်လည်ရုပ်သိမ်းခဲ့သည်။
လူဦးရေခုနစ်သိန်းကျော်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည့် ဂျန်နရယ်ဆန်းတို့တွင် သေဆုံးသူ ၁၀ ဦးရှိပြီး လက်ရှိအချိန်ထိ အနည်းဆုံးလူ ၁၂ ဦး ပျောက်ဆုံးကြောင်း ဖိလစ်ပိုင်၏ အရပ်ဘက်ကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျူနီကာ့စတီလိုကပြောသည်။ သေဆုံးမှုများမှာ အဆောက်အအုံအပျက်အစီးများပိမိခြင်း၊ မြေပြိုခြင်းတို့ကြောင့်ဖြစ်ပြီး လူပေါင်း ၁၃၄ ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
ငလျင်လှုပ်ခတ်ချိန်က စာသင်ကျောင်းများ ပြန်ဖွင့်သည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂျန်နရယ်ဆန်းတို့ရှိ နှစ်ထပ်ကျောင်းဆောင်တစ်ခုပြိုကျသည့်နေရာ၌ ကျောင်းသားအချို့ပိတ်မိနေသည်။ လက်ရှိတွင်စာသင်ကျောင်းပေါင်း ၅၈၀၀ ကျော်ကိုအရေးပေါ်ပိတ်ထားရသည်။ ယခုလှုပ်ခတ်သည့်ငလျင်၏ဗဟိုချက်သည် မင်ဒါနာအိုပြည်နယ်ရှိရေပြင်အောက် အနက် ၃၃ ကီလိုမီတာ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
Ref: Xinhua
MWD
