ဘန်ကောက်မြို့၌ ရေကြီးမှုကြီး ဖြစ်နိုင်ဟုဆို
ဘန်ကောက်၊ သဘာဝဘေး
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရေရှည်စီမံခန့်ခွဲမှုနှင့် ရာသီဥတုဒဏ်ခံစနစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိပါက ၂၀၃၀ ပြည့်နှစ်အလွန်အစောပိုင်းတွင် ဘန်ကောက်မြို့၌ နောက်ထပ်ရေကြီးမှုကြီး တစ်ခုဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် ၂၀၃၀ ပြည့်နှစ်မှ ၂၀၃၄ ခုနှစ်အတွင်း ဖြစ်မည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
ဘန်ကောက်မြို့၏ ရေကြီးနိုင်မှုအခြေအနေများကို သုံးသပ်ရန်နှင့် အနာဂတ်တွင် ကာကွယ်ရေးလုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် အုတ်မြစ်များချမှတ်နိုင်ရန် လုပ်ဆောင်သော ဖိုရမ်တစ်ခုတွင် ကျွမ်းကျင်ပညာရှင်များက တာဝန်ရှိသူများကို သတိပေးထားခြင်းဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် ဘန်ကောက်မြို့က အခြေခံအဆောက်အဦများစွာ လိုအပ်နေမည်ဖြစ်ကြောင်း၊ ရေကြီးမှုကာကွယ်ရေးလုပ်ငန်းများသည် မြို့ပြစီမံကိန်းအပေါ် မူတည်နေကြောင်း ၊ အကောင်းဆုံးအုပ်ချုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ၂၀၁၁ ခုနှစ်တွင် ကြုံတွေ့ရသော ရေကြီးမှုကို နောက်ထပ်တစ်ကြိမ်ပြန်ကြုံရမည်ဖြစ်ကြောင်း ဖိုရမ်သို့ တက်ရောက်လာသူများက သဘောတူသည်။ အဆိုပါရေကြီးမှုအတွင်း စီးပွားရေးဆုံးရှုံးမှုသည် ဘတ် ၁ ဒသမ ၄၄ ဘီလံယံ ခန့် ရှိကြောင်း သိရသည်။
Ref: The Nation
မြဝတီသတင်းစာ
