အာဖဂန်နစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့
ကဘူးလ် မေ ၂၅
အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် မေ ၂၄ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူ ၂၈ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ ရေးအာဏာပိုင်(NDMA)၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများသည် ကဘူးလ်၊ ပါဝမ်၊ ကာပီဆာ၊ ခိုစ်၊ ပက်တီးယား၊ ဝါဒက်၊ ဥရုဇ်ဂန်၊ ကန်ဒါဟာ၊ ဟီရတ်၊ ဘဒ်ဂစ်စ်၊ ဆမန်ဂန်၊ ဆာရီပူးလ်၊ ဘာဂ်လန်၊ တခါ၊ ဘာဒါခရှန်၊ လက်မန်နှင့် ကူနာပြည်နယ်တို့မှ ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်း၊ ပြင်းထန်သော လေပြင်းမုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်(NDMA)၏ ပြောရေးဆိုခွင့်ရှိသူ ဟာဖစ်မိုဟာမက် ယူဆက်က ပြောကြားသည်။
နိုင်ငံ၏ ဝေးလံခေါင်သီသော တောင်တန်းပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပြင်းထန်စွာထိခိုက်ခဲ့ပြီး အိမ်ခြေ ၇၁၀ လုံးဝပျက်စီးခဲ့သည့်အပြင် စိုက်ပျိုးမြေဧက ၄၀၀၀ ခန့်နှင့် လမ်းအရှည် ၁၀ ကီလိုမီတာကို ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။
လက်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသအာဏာပိုင်များက ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပြီး ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း၊ မိုးလေဝသဌာန၏ ခန့်မှန်းချက်များအရ လာမည့် ရက်ပိုင်းအတွင်း နိုင်ငံ၏ အချို့ဒေသများတွင် မိုးထပ်မံ ရွာသွန်းနိုင်ခြေရှိသည်ဟု သတိပေးထားကြောင်း သိရသည်။
ရတနာပုံ
