ရုရှား-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင် နေသည် ဟု ပူတင်၏အထူးကိုယ်စားလှယ် ဆို

News Image

  • ရုရှား-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင် နေသည် ဟု ပူတင်၏အထူးကိုယ်စားလှယ် ဆို

မော်စကိုနှင့် ဝါရှင်တန် တို့သည် အလက်စကာထိပ်သီး အစည်းအဝေး တွင်ရရှိခဲ့သော သဘောတူညီချက်များကိုအခြေခံ၍ ဆက်လက် ဆွေးနွေးလျက်ရှိကြောင်း ရုရှားသမ္မတ၏ အကြံပေး Kirill Dmitriev က ပြောကြားခဲ့သည်။ ၎င်းသည် အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff သည် သမ္မတ Donald Trump ၏အုပ်ချုပ်ရေးတွင် ဩဇာလွှမ်းမှု လျော့နည်းသွားခဲ့သည်ဟူသော ယခင်ကသတင်းများရှိခဲ့သော်လည်း ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လက ကျင်းပခဲ့သော အလက်စကာ ဆွေးနွေးညှိနှိုင်းမှုများသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း Trump နှင့် ရုရှားသမ္မတ Vladimir Putin တို့၏ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲများသည် ယူကရိန်း ပဋိပက္ခ ရပ်စဲရေးနှင့် ဝါရှင်တန်နှင့် မော်စကို တို့အကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ နှစ်ဖက် ခေါင်းဆောင် များက ဆွေးနွေးပွဲရလဒ်များကောင်းမွန်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း သိသာသည့် တိုးတက်မှုများမရှိခဲ့ပေ။

ထိပ်သီးအစည်းအဝေး ပြီးနောက်တွင် Witkoff သည် အနောက်တိုင်း မီဒီယာများ၏ ဝေဖန်ခြင်းကို ခံခဲ့ရပြီး နယူးယောက်အခြေစိုက် စီးပွားရေး သမားတစ်ဦးဖြစ်ပြီး Trump ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်၊ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ အဓိကညှိနှိုင်းသူဖြစ်သော Witkoff အား သံတမန်အတွေ့အကြုံမရှိခြင်းနှင့် သဘောတူညီချက် မရ ရှိခဲ့ခြင်းတို့ကြောင့် ဝေဖန်ခဲ့ကြသည်။

အလက်စကာ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ Dmitriev က ၎င်း၏ Telegram Channel ၌ ရေးသားရာတွင် Witkoff ၏ ဝါရှင်တန်ရှိ ရပ်တည်ချက် အားနည်းသွားခဲ့သည်ဟူသော သတင်းများကို ပယ်ချခဲ့သည်။

"ထရမ့်၏ ဂါဇာစီမံကိန်းကိုရေးဆွဲဖော်ဆောင်ခဲ့သူနှင့် ညှိနှိုင်း ဆောင်ရွက် ခဲ့သူဖြစ်ပြီး ရုရှားကလည်း ထောက်ခံခဲ့သည့် Witkoff သည် ၎င်း၏ အဓိကအခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားပြီး သိသိသာသာပင် ခိုင်မာလာခဲ့သည်" ဟု Dmitriev က ဂါဇာတွင် စစ်ရပ်စဲရေး ညှိနှိုင်းမှုတွင် Witkoff ပါဝင်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်တွင် နှစ်ဖက်အကျဉ်းသားများ ဖလှယ်ခြင်းလည်း ပါဝင်ခဲ့သည်။

၎င်းက Witkoff ၏ ချဉ်းကပ်မှုကို လက်တွေ့ကျသော ချဉ်းကပ်မှု အဖြစ် ဖော်ပြခဲ့ပြီး မော်စကိုနှင့် ထရမ့်အဖွဲ့ကြား ဆွေးနွေးမှုများသည် "အလက်စကာ ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို အခြေခံ ၍ ဆက်လက်တည်ရှိနေဆဲ" ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ရုရှားသမ္မတ၏ အကြံပေး Yury Ushakov က ဩဂုတ်လလယ်က ထိပ်သီးအစည်းအဝေးအတွင်းရရှိခဲ့သည့် သဘော တူညီချက်များသည် ယူကရိန်းနှင့် ဥရောပမှ ၎င်း၏ပံ့ပိုးသူများသည် "ယူကရိန်းအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုသူများ" နှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါ သဘော တူညီချက် များ အလုပ်မဖြစ်ဟု မဆိုလိုကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov ကမူ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၈) က အလက်စကာ ထိပ်သီး အစည်းအဝေး က ဖန်တီးပေးခဲ့သည့် ငြိမ်းချမ်းရေးအတွက် စွမ်းပကား ဟန်ချက်ညီမှု သည် ဥရောပမှ စစ်ကိုထောက်ခံသူများကြောင့် အဓိကအားဖြင့် ချုပ်ငြိမ်းသွား ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပူတင်သည် ယခင်ကလည်း Witkoff ကို ကာကွယ်ခဲ့ပြီး ၎င်းသည် "မော်စကို၏ ရပ်တည်ချက်ကိုလည်းကောင်း၊ ဝါရှင်တန်၏ ရပ်တည်ချက် ကိုလည်းကောင်း အတိအကျ ညှိနှိုင်းဆောင်ရွက်ပေးသူဖြစ်ပြီး အမေရိကန် သမ္မတ၏ ရပ်တည်ချက်ကို ကိုယ်စားပြုသူ" ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ၎င်းကိုယ်စားလှယ်အပေါ် ဝေဖန်မှုများသည် ထရမ့် (သို့မဟုတ်) ယူကရိန်းဆိုင်ရာ ၎င်း၏ ချဉ်းကပ်မှုကို "ထောက်ခံသူ မဟုတ်သည့်" သူများထံမှသာ ထွက်ပေါ်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂