ထိုင်းတွင် အွန်လိုင်းလိမ်လည်သူ ၇၃ ဦးဖမ်းမိ ၊ ဘတ် ၁.၄ ဘီလီယံကျော် ဆုံးရှုံး
ထိုင်းနိုင်ငံတွင် တစ်လနီးပါးကာလအတွင်း အရှိန်အဟုန်မြှင့်တင်၍ အွန်လိုင်းလိမ်လည်မှုနှင့် "ကျားဖြန့်" (Call Center Gangs) များကို နှိမ်နင်းခဲ့ရာ ပြစ်မှုကျူးလွန်သူ ၇၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဗဟို စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB- Central Investigation Bureau) နှင့် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန (MED) တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် Sim box များအား လိုက်လံစစ်ဆေး နှိမ်နင်းရာတွင် ထိုင်းနိုင်ငံသား ၅၁ ဦးနှင့် နိုင်ငံခြားသား ၂၂ ဦး၊ စုစုပေါင်း ၇၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။ အဆိုပါလိမ်လည်မှုများကြောင့် အလိမ်ခံရသူများဘက်မှ စုစုပေါင်း ဘတ်ငွေ သန်းပေါင်း ၁,၄၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး ၊ တရားခံများ၏ ပိုင်ဆိုင်မှု စုစုပေါင်း ဘတ် ၅၂၂ သန်း တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ၊ ထို့ပြင် အမှု ၇ မှုမှ သားကောင် ဖြစ်ခဲ့ရသူများကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်းCIB ရဲချုပ် Jiraphop Phuridej ကပြောကြားခဲ့သည်။
အဆိုပါအွန်လိုင်းရာဇဝတ်မှု နှိမ်နင်းရေးတွင် ကိုရီးယားသံရုံးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့တော်ရဲတပ်ဖွဲ့ နယ်မြေ -၂ မှ ဒုတိယရဲမှူးတစ်ဦးနှင့် စုံစမ်းစစ်ဆေး ရေးရဲအရာရှိ ၁ ဦး တို့သည် အမည်ခံဘဏ်ငွေစာရင်း ဖွင့်ပေးသည့်အမှုတွင် ပါဝင်ပတ်သက်နေကာ ၎င်းတို့၏ လုပ်ငန်းလည်ပတ်ငွေမှာ ဘတ်သန်းပေါင်း ၁၀၀ ကျော်ကြောင်း တွေ့ရှိရပါသည်။ ၎င်းရဲအရာရှိများက စွဲဆိုချက်ကို ငြင်းပယ်ထားသော်လည်း အမှုတွင်ပါဝင်ပတ်သက်ပါက အစိုးရဝန်ထမ်း ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ပြီး အာမခံပေးမည် မဟုတ်ကြောင်း ရဲချုပ်က အခိုင်အမာ ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း မြဝတီမြို့မှတစ်ဆင့် တာ့ခရိုင် မဲဆောက်မြို့ဘက် သို့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှင့်ပတ်သက်သူ ၁,၂၂၉ ဦး ဝင်ရောက် လာပြီး ထိုင်းနိုင်ငံသား ၃၂ ဦး ပါဝင်ကြောင်း သိရှိရသည်။ ထိုင်းဘက်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ၏ ကိုယ်ရေးရာဇဝင်ကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်း၍ အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ကိုးကား- The Nation (Thailand)
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
