ကျောက်ဆည်ခရိုင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲများ စတင်ကျင်းပ

News Image

  • ကျောက်ဆည်ခရိုင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲများ  စတင်ကျင်းပ

ကျောက်ဆည်၊နိုဝင်ဘာ-၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနတွင် အောက်တိုဘာ (၅)ရက် နံနက်(၉)နာရီက စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့ပြီး ပြိုင်ပွဲဒိုင်ချုပ်များအဖြစ် ဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ သောင်းဝင်း (မြင်းခြံ)နှင့် ဗိုလ်ဗိုလ်ကျော်(ကျောက်ဆည်)တို့က အကဲဖြတ်အမှတ်ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် ကျပန်း စကားပြော ပြိုင်ပွဲ၌ ကျောင်းသား/ ကျောင်းသူ(၃၃)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ကျောင်းသား/ ကျောင်းသူ (၃၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု(၁)၊ အထူးဆု(၂) ဆုများရွေးချယ်၍ ဆုရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)