ပန်းချီကားပေါင်း ၅၀၀ ကျော် ပါဝင်ပြသသွားမည့် Colours of Myanmar ပန်းချီပြပွဲကြီးကျင်းပမည်

News Image

  • ပန်းချီကားပေါင်း ၅၀၀ ကျော် ပါဝင်ပြသသွားမည့် Colours of Myanmar ပန်းချီပြပွဲကြီးကျင်းပမည်

မြန်မာ့ပန်းချီအနုပညာ၏ အလှတရားများနှင့် ရှုမြင်လေ့လာမြန်မာ့အနုပညာ “Colours of Myanmar” ပန်းချီပြပွဲကြီးကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ Times City Complex ရှိ Times City Convention Center တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပန်းချီအနုပညာကို ချစ်မြတ်နိုးသူများအတွက် မြန်မာ့ပန်းချီအနုပညာ၏ စစ်မှန်သည့် အ‌ငွေ့အသက်များနှင့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားပေါင်း ၅၀၀ ကျော် ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ပန်းချီပြပွဲကြီးလည်းဖြစ်ပြီး ရိုးရာလက်မှုပစ္စည်းများနှင့်အတူ မြန်မာ့ရိုးရာအနုပညာနှင့် ခေတ်ပြိုင်အနုပညာရှင်များ၏ ဖန်တီးမှုအမျိုးမျိုးကို တစ်နေရာတည်းတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပန်းချီဆရာကြီးများ၏ Live သရုပ်ပြရေးဆွဲခြင်း၊ ယွန်းထည်ပေါ်တွင် Portrait ရေးဆွဲခြင်း၊ ကယ်ရီကေးချား (Caricature) ရေးဆွဲခြင်းများ၊ မိမိစိတ်ကူးရှိသကဲ့သို့ ပန်းချီပိတ်ကားချပ်ပေါ်တွင် အပျော်တမ်းပန်းချီ ရေးဆွဲ ဖန်တီးထားသော လက်ရာများကို အိမ်သို့ အမှတ်တရပြန်လည်ယူဆောင်နိုင်ခြင်းအပြင် အနုပညာမြောက် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

မြန်မာ့အနုပညာနှင့် ဆက်စပ်သည့်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချနိုင်ရန်အတွက် နေရာများ စီစဉ်ပေးထားပြီး ပါဝင်ပူးပေါင်းလိုသည့် လက်မှုအရောင်းဆိုင်များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

Popular Myanmar