အာရှဖလား U-17 ခြေစစ်ပွဲအုပ်စု(G) ဒုတိယနေ့ပြိုင်ပွဲတွင် မြန်မာအသင်းက နီပေါအသင်းကို လေးဂိုးပြတ်အနိုင်ရရှိ

News Image

  • အာရှဖလား U-17 ခြေစစ်ပွဲအုပ်စု(G) ဒုတိယနေ့ပြိုင်ပွဲတွင် မြန်မာအသင်းက နီပေါအသင်းကို လေးဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်   နိုဝင်ဘာ  ၂၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှဖလား U-17 ခြေစစ်ပွဲအုပ်စု(G)ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်တစ်ပွဲဖြစ်သည့်  မြန်မာအသင်းနှင့် နီပေါအသင်းတို့ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သုဝဏ္ဏကွင်း၌    ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက နီပေါအသင်းကို လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသွားသည်။

အုပ်စုတစ်စုလုံးတွင် အသင်းတစ်သင်းသာ အုပ်စုတက်မည်ဖြစ်၍ ပြိုင်ပွဲဝင်အသင်းများသည် အုပ်စုပွဲ၏ပြိုင်ပွဲတိုင်း အနိုင်ရရှိမှသာ ခြေစစ်ပွဲအောင်မြင်မည့် အနေအထားရှိသည့်အတွက်    မြန်မာအသင်းသည် ယနေ့ပွဲတွင် နိုင်ပွဲတစ်ပွဲထပ်မံရရှိရေး ကစားသမားသုံးဦး အပြောင်းအလဲပြုလုပ်ပြီး ပွဲထွက်လာခဲ့သည်။  ပွဲကစားချိန် ၁၃ မိနစ်တွင် နီပေါနောက်တန်းကစားသမား ဒီပန်ကာကီကို စိုင်းမြတ်မင်းကျော်ဖြတ်၍ အလိုက်သင့်ချပေးသည့်ဘောလုံးကို ရဲနိုင်အောင်ကအမှားအယွင်းမရှိ သွင်းယူပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ကို ရယူပေးခဲ့သည်။ ရဲနိုင်အောင်၏ သွင်းဂိုးဖြင့် ပထမပိုင်းတွင် မြန်မာအသင်းက ဦးဆောင်ကစားခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းသည် သေချာသောဦးဆောင်ဂိုးများ ထပ်မံရရှိရေး တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲကစားချိန် ၆၇ မိနစ်တွင် အောင်သီဟက မြန်မာအသင်းအတွက် ဒုတိယဂိုးကို လည်းကောင်း၊ ပွဲကစားချိန် မိနစ် ၈၀ တွင်   အောင်သီဟ၏ပေးပို့မှုကို မျိုးခန့်ကျော်က   ခေါင်းတိုက်သွင်း၍ တတိယဂိုးအဖြစ် လည်းကောင်း၊ ပွဲကစားချိန် ၈၃ မိနစ်တွင် ဝင်းမင်းသန့်၏ လှပသောအဝေးကန်ချက်ဖြင့် စတုတ္ထဂိုးကိုလည်းကောင်းအသီးသီးသွင်းယူနိုင်ခဲ့၍ ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက  နီပေါအသင်းကိုလေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ခြေစစ်ပွဲအုပ်စု(G)တွင် မြန်မာ၊ အာဖဂန်နစ္စတန်၊ အိုမန်၊ ဆီးရီးယားနှင့်နီပေါအသင်းတို့ ပါဝင်နေပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်နေ့ပြိုင်ပွဲတွင် အာဖဂန်နစ္စတန်အသင်းကို သုံးဂိုး၊တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ယနေ့တွင် နီပေါအသင်းကို ထပ်မံအနိုင်ရရှိ၍  နှစ်ပွဲကစားနှစ်ပွဲနိုင်ရမှတ် ခြောက်မှတ် ပိုင်ဆိုင်ထားသည်။ မြန်မာအသင်းသည် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အိုမန်အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

MWD