(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များ ရရှိရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၅
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့တို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင် ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေး၊ အားကစားနည်းအလိုက် မျှော်မှန်းဆုတံဆိပ်များ ရရှိရေး၊ ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်မှု၊ စားသောက်မှု၊ လေ့ကျင့်မှုများနှင့် ကြိုဆို နေရာချထားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ကြိုတင်ခွဲဝေဆောင်ရွက်ရေးနှင့် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများဆွတ်ခူးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း(MTM)၏(၂၀၂၅-၂၀၂၆)ခုနှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံရာ အသင်းမှတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အသင်းအနေဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား တိုးတက်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများအပြင် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်ကြရန်၊ ကမ္ဘာ့ခရီးသွား ဈေးကွက်တွင် ဧည့်သည်များ စိတ်ဝင်စားမှုများပြားသည့် Authentic Experiences နှင့် Authentic Culture များကိုအခြေခံ၍ ဆွဲဆောင်ကြရန် မှာကြားသည်။
MWD
