အာရှဖလား U-17 ခြေစစ်ပွဲအုပ်စု(G)ပြိုင်ပွဲတွင် မြန်မာအသင်းအိုမန်အသင်းကို အနိုင်ရရှိ၍ ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာ
ရန်ကုန် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှဖလား U-17 ခြေစစ်ပွဲ အုပ်စု(G)ပြိုင်ပွဲ မြန်မာအသင်း နှင့် အိုမန်အသင်းတို့ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား ကြရာ အိမ်ရှင်မြန်မာအသင်းက အိုမန် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့၍ ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်သည့်အနေ အထားတွင်ရှိသည်။
ယနေ့ပြိုင်ပွဲသည် အုပ်စုတွင်းနိုင်ပွဲဆက် နေသည့် အကောင်းဆုံးအသင်းနှစ်သင်း ယှဉ်ပြိုင်ရခြင်းဖြစ်၍ ပြိုင်ဆိုင်မှုပြင်းထန် သည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ခဲ့သည်။ ယနေ့ ပွဲအနိုင်ရရှိပါက ခြေစစ်ပွဲအောင်မြင်ရန် သေချာသည့်အနေအထားတစ်ခုဖြစ်၍ မြန်မာအသင်းနည်းပြချုပ် ဦးကျော်ဇေယျ သည် ကစားသမားအချို့အပြောင်းအလဲ ပြုလုပ်ပြီး အကောင်းဆုံးသောပုံစံဖြင့် တာထွက်လာခဲ့သည်။
ပွဲကစားချိန် ၆၃ မိနစ်တွင် အသင်း ခေါင်းဆောင် အောင်သီဟ၏ လှပသော အဝေးကန်ဘောကနေ ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။ ထို့အတူ ပွဲကစားချိန် ၆၇ မိနစ် တွင် လင်းရောင်၏ဖန်တီးပေးပို့မှုကနေ ညီညီသန့်က ခေါင်းတိုက်သွင်း၍ ဒုတိယဂိုး ကိုရယူခဲ့ပြီး မြန်မာအသင်းက အနိုင်ရရှိ သွားသည်။မြန်မာအသင်းသည် ယနေ့ပွဲတွင် အိုမန် အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် နောက်ဆုံးကျန်ရှိပွဲတွင် သရေတစ်မှတ် ရရှိရုံဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
MWD
