ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းတွင် အိန္ဒိယ၏ ဒီပါဝလီမီးထွန်းပွဲတော်ကို ထည့်သွင်း

News Image

  • ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းတွင် အိန္ဒိယ၏ ဒီပါဝလီမီးထွန်းပွဲတော်ကို ထည့်သွင်း

ဒေလီ ဒီဇင်ဘာ ၁၀

အိန္ဒိယနိုင်ငံ၏ ဒီပါဝလီမီးထွန်းပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းထဲသို့ ကုလသမဂ္ဂ ဘာသာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံအဖွဲ့ (ယူနက်စကို)က ယနေ့တွင် ထည့်သွင်းခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဒီဇင်ဘာ ၉ ရက်တွင် စတင်ကျင်းပသည့် ယူနက်စကိုအစည်းအဝေးတွင် ယူနက်စကို တာဝန်ရှိသူများက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များစာရင်းအတွက် ကမ္ဘာ့ နိုင်ငံပေါင်း ၇၈ နိုင်ငံတို့က အဆိုပြု တင်သွင်းထားသည့် ယဉ်ကျေးမှု အမွေအနှစ်များကို စိစစ်ရွေးချယ်လျက်ရှိသည်။

ယနေ့ ယူနက်စကိုအစည်းအဝေးတွင် ယူနက်စကို တာဝန်ရှိသူများက အိန္ဒိယနိုင်ငံ၏ ဒီပါဝလီမီးထွန်း ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယူနက်စကို၏ အဆိုပါဆုံးဖြတ်ချက်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကြိုဆိုစကား ပြောကြားခဲ့ပြီး ဒီပါဝလီမီးထွန်း ပွဲတော်သည် အိန္ဒိယယဉ်ကျေးမှု၊ ယုံကြည်မှုများနှင့် အလွန်နီးကပ်စွာ ချိတ်ဆက်မိနေသည့် ပွဲတော်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များစာရင်းထဲတွင် ဒီပါဝလီ မီးထွန်းပွဲတော်လည်း ပါဝင်လာမှုကို ဂုဏ်ပြုရေးအတွက် ဒေလီမြို့ အစိုးရက ပွဲလမ်းသဘင်များ ကျင်းပရန် စီစဉ်ထားသည်။ 

ဒီပါဝလီ မီးထွန်းပွဲတော်သည် အိန္ဒိယနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်လည်း အိန္ဒိယလူမျိုးများ ဆင်နွှဲကြသည့် ယဉ်ကျေးမှုပွဲတော် ဖြစ်ကြောင်း သိရသည်။

ရတနာပုံ

Photo: The Hindu