(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်
နေပြည်တော် ဒီဇင်ဘာ ၁၀
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ခြင်းလုံး၊ ပိုက်ကျော်ခြင်း ကွင်းသွင်း ခြင်းခတ်၊ ပီတန်း၊ ကနူးလှေလှော်၊ တိုက်ကွမ်ဒို၊ ခရစ်ကက်နှင့် ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအားကစားကွင်း/ရုံများ၌ ကျင်းပသည်။
ပိုက်ကျော်ခြင်း အမျိုးသမီးကွင်းသွင်း ခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၁၀၀၀ မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၈၅၀ မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်သင်း က ရမှတ် ၅၄၀ မှတ်ဖြင့် တတိယနှင့် လာအိုအသင်းက ရမှတ် ၄၁၀ မှတ်ဖြင့် ပူးတွဲ တတိယတို့ အသီးသီးရရှိခဲ့သည်။
ယင်းနောက် ပိုက်ကျော်ခြင်း အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၈၈၀ မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၇၉၀ မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်အသင်းက ရမှတ် ၇၁၀ မှတ်ဖြင့် တတိယ၊ ဘရူနိုင်းအသင်းက ရမှတ် ၅၀၀ မှတ်ဖြင့် ပူးတွဲတတိယတို့ အသီးသီးရရှိခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Valaya Alongkorn Rajabhat Univerisity under the Royal Patronage (Bangkok)၌ ကျင်းပသည့် ပီတန်းပြိုင်ပွဲ ပီတန်းအမျိုးသမီး Shooting ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းမှ ခင်ချယ်ရီသက်နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း အသင်းက ရမှတ် ၄၃ မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၃၇ မှတ် ဖြင့် ပီတန်း အားကစားသမား ခင်ချယ်ရီသက်သည် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို ထပ်မံ ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး ကနူးမီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းအသင်းက စံချိန် 01: 58 . 314 စက္ကန့်ဖြင့် ပထမ၊ မြန်မာ အသင်းက စံချိန် 01: 58 . 773 စက္ကန့်ဖြင့် ဒုတိယ၊ ဗီယက်နမ်အသင်းက စံချိန် 02: 03 . 663 စက္ကန့်ဖြင့် တတိယတို့ အသီးသီးရရှိခဲ့ပြီး ကနူး မီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲ တွင် မြန်မာအသင်းမှ မျိုးလှိုင်ဝင်းသည် မြန်မာနိုင်ငံအတွက် ဒုတိယ ငွေတံဆိပ်ဆု ကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
Free Style Mixed Team ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့က ပူးတွဲတတိယတို့ရရှိခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၀ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် တစ်ခု၊ စုစုပေါင်း ဆုတံဆိပ်ခုနစ်ခုဖြင့် နိုင်ငံအလိုက်အဆင့် ၅ တွင် ရပ်တည်နိုင်ခဲ့သည်။
ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ဦးပေါက်စက စင်ကာပူကစားသမားကို ၇၆-၁၀၀-၊ ၁၀၀-၈၃၊ ၁၀၀-၃၉၊ ၇၂-၁၀၀၊ ၁၀၀-၃၈မှတ်၊ ၃-၂ပွဲဖြင့် အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲ တက်ရောက်သွားသည်။
Snooker 6-Red Singles ပြိုင်ပွဲတွင် နေမင်းထွန်းက Gabby Putra (အင်ဒိုနီးရှား) ကို ၄၄-၃၃၊ ၁၂-၄၄၊ ၁၂-၄၀၊ ၄-၃၉၊ ၃၉-၂၃၊ ၆၇-၁၊ ၄၅-၀၊ ၄၁-၃၄မှတ် ၅-၃ပွဲဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် (၈ဦးအဆင့်)သို့ တက်ရောက်သွားပြီး ဒီဇင်ဘာလ ၁၁ ရက်(ယနေ့)တွင် Snooker 6-Red Singles ပြိုင်ပွဲ ကွာတားဖိုင်နယ် (၈ ဦးအဆင့် ပြိုင်ပွဲ) များကို နံနက် ၁၀ ချိန်တွင် အောင်ဖြိုးသည် Michael Angelo (ဖိလစ်ပိုင်)နှင့်လည်းကောင်း နေမင်းထွန်းသည် Siththideth (လာအို) နှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်မည်ဖြစ်ပြီးနံနက် ၁၀ နာရီခွဲတွင် မြန်မာ့ လက်ရွေးစင်ဟော်ကီအသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်လွင်
MWD
