ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနှင့် အမျိုးသမီးဖူဆယ်အသင်းတို့၏ အုပ်စုတွင်းပွဲစဉ်များ ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၅ ရက်တို့တွင် စတင်ယှဉ်ပြိုင်မည်
ရန်ကုန် ဒီဇင်ဘာ ၁၁
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနှင့် အမျိုးသမီးဖူဆယ်အသင်းတို့၏ အုပ်စုတွင်းပွဲစဉ်များကို ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၅ ရက်တို့တွင် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် ဆီးဂိမ်းပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာလ ၁၃ ရက်တွင် မြန်မာအမျိုးသမီးဖူဆယ်အသင်းနှင့် အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်အသင်း၊ ဒီဇင်ဘာလ ၁၄ ရက်တွင် မြန်မာအမျိုးသမီးဖူဆယ်အသင်းနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ် အသင်းတို့သည် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ BTU Hall ၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တည်းခိုနေထိုင်ရမည့် ဘန်ကောက်မြို့သို့ ဒီဇင်ဘာ လ ၁၀ ရက်ကရောက်ရှိပြီး လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
ထို့အတူ ဆီးဂိမ်းအမျိုးသားဖူဆယ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းပါဝင်သည့် အုပ်စုပွဲစဉ်များကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလေ့ကျင့်နေပြီး ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာလ ၁၅ ရက်တွင် မြန်မာအမျိုးသား ဖူဆယ်အသင်းနှင့် အင်ဒိုနီးရှား အမျိုးသားဖူဆယ်အသင်း၊ ဒီဇင်ဘာလ ၁၆ ရက်တွင် မြန်မာအမျိုးသားဖူဆယ်အသင်းနှင့် ထိုင်းအမျိုးသားဖူဆယ်အသင်း၊ ဒီဇင်ဘာလ ၁၇ ရက်တွင် မြန်မာအမျိုးသား ဖူဆယ်အသင်းနှင့် မလေးရှားအမျိုးသား ဖူဆယ်အသင်း၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မြန်မာအမျိုးသား ဖူဆယ်အသင်းနှင့် ဗီယက်နမ်အမျိုးသား ဖူဆယ်အသင်းတို့သည် ထိုင်းနိုင်ငံ Nonthaburi Stadium ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
လူသစ်
MWD
