ထိုင်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်နှစ်ခုအား ချေမှုန်းနိုင်ခဲ့
ထိုင်းနိုင်ငံ၏ အမှတ်-၁ စစ်ဒေသကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ တပ်ဖွဲ့ဝင်များက ထိုင်းတော်ဝင်လေတပ်နှင့် ပေါင်းစပ်ညှိနှိုင်းလျက် ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းရှိ စစ်ရေးပစ်မှတ်နှစ်ခုအား ဒေသ စံတော်ချိန် ၁၆း၀၉ နာရီ၌ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကမ္ဘောဒီးယား ၏ လက်နက်ခဲယမ်းသိုလှောင်ရုံများအပြင် လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် ဆက်သွယ်ရေးစနစ်များကိုလည်း အောင်မြင်စွာ ဖျက်ဆီး နိုင်ခဲ့ကြောင်း အဆိုပါ စစ်ဒေသကွပ်ကဲမှုဌာနချုပ်က ဒီဇင်ဘာ ၁၃ ရက်၌ ဆိုရှယ်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းတော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူကလည်း ရေတပ် စစ်ရေယာဉ်စု များက ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် ထိုင်းပင်လယ်ကွေ့၌ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့သည်ဟု ထိုနေ့၌ပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကာကုံပြည်နယ် အနီးဝန်းကျင်၌ ကမ္ဘောဒီးယား၏ စစ်ရေးစွမ်းရည်များကို ထိန်းချုပ်ရန်နှင့် အားလျော့သွားစေရန်၊ ထိုင်း ပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်လျက် ယင်းကဲ့သို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သီးခြားအနေဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူတို့က နှစ်နိုင်ငံကြား လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထိုင်းစစ်သည် ၁၅ ဦး ကျဆုံးကာ အခြားသူ ၂၇၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ ထိုင်းနိုင်ငံဘက်တွင် အရပ်သား ၂၆၀,၀၀၀ ကျော်မှာ ဒုက္ခသည် စခန်း များတွင် ခိုလှုံနေရကာ အရပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း အတည်ပြု ထားသည်ဟု သိရှိရသည်။
ကိုးကား- Xinhua
Photo: Eleven media group
