အမေရိကန်တွင် နှစ်သစ်ကူးည ဗုံးခွဲမည့်အစီအစဉ်ကို တားဆီးနိုင်ခဲ့

News Image

  • အမေရိကန်တွင် နှစ်သစ်ကူးည ဗုံးခွဲမည့်အစီအစဉ်ကို တားဆီးနိုင်ခဲ့

အမေရိကန်အာဏာပိုင်များသည် နှစ်သစ်ကူးညတွင် လော့စ်အိန်ဂျလိစ် မြို့ရှိ နေရာ (၅) နေရာခန့်၌ ဗုံးခွဲရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲခံထားရသော သံသယရှိသူ လေးဦးကို ဖမ်းဆီးလိုက်ကြောင်း ကြေညာခဲ့သည်။

"နှစ်သစ်ကူးည၌ လက်လုပ်ပေါက်ကွဲပစ္စည်း (IEDs) များဖြင့် လော့စ်အိန်ဂျလိစ်ရှိ နေရာ (၅) ခုကို တိုက်ခိုက်ရန် စီစဉ်မှုဖြင့် သံသယ ရှိသူ လေးဦးကို ဖမ်းဆီးလိုက်ပြီ" ဟု FBI ၏ ဒါရိုက်တာဖြစ်သူ Kash Patel က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။ Patel က ထို သံသယရှိသူများသည် Turtle Island Liberation Front (TILF) အဖွဲ့ဝင် များဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းတို့ကို "အစိုးရဆန့်ကျင်ရေးဝါဒကို ကျင့်သုံးသည့် လက်ဝဲစွန်းရောက် အစွန်းရောက်အဖွဲ့ (A left-wing extremist group with anti-government ideology)" အဖြစ် ဖော်ပြ ခဲ့သည်။

လော့စ်အိန်ဂျလိစ်ခရိုင်ရှိ ဖက်ဒရယ်တရားရုံး၏ စွဲချက်တင်စာအရ ဖမ်းဆီးရမိသည့် သံသယရှိသူ လေးဦးမှာ Audrey Carroll ၊ Zachary Page ၊ Dante Gaffield နှင့် Tina Lai တို့ဖြစ်ကြပြီး အသက် ၂၄ နှစ်မှ ၄၁ နှစ်ကြားရှိသူများ ဖြစ်သည်။ Carroll နှင့် Page တို့သည် ဗုံးခွဲမည့် အစီအစဉ်အသေးစိတ်ကို ရေးမှတ်ထားသောစာရွက်စာတမ်းများကို နိုဝင်ဘာလ က ဥပဒေစိုးမိုးရေး သတင်းပေး (Law Enforcement Informant) တစ်ဦးထံ ပေးအပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထို့နောက် သံသယရှိသူနှစ်ဦးသည် Gaffield နှင့် Lai တို့ကို အစီအစဉ် ထဲသို့ စည်းရုံးသိမ်းသွင်းခဲ့ပြီး သတင်းအချက်အလက်များ ဖလှယ်ရန် အတွက် Signal မက်ဆေ့ဂျ်ပို့ အက်ပ်တွင် Chat Group တစ်ခု ဖွဲ့ခဲ့ ကြသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထိုအဖွဲ့သည် လက်လုပ် ပေါက်ကွဲ ပစ္စည်း (IED) များ ထုတ်လုပ်ရန်နှင့် စမ်းသပ်ရန်အတွက် ပစ္စည်းများကို Mojave သဲကန္တာရရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့ သယ်ယူခဲ့သည်။ ၎င်းတို့သည် ထိုနေရာ၌ပင် FBI အေးဂျင့်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

နှစ်သစ်ကူးည ဗုံးခွဲရန် စီစဉ်မှုအပြင် သံသယရှိသူလေးဦးသည် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး (Immigration and Customs Enforcement - ICE) အေဂျင့်များနှင့် ၎င်းတို့၏ ယာဉ်များကို ပေါက်ကွဲပစ္စည်းများဖြင့် တိုက်ခိုက်ရန်လည်း ရည်ရွယ်ထားခဲ့သည်။

သံသယရှိသူလေးဦးစလုံးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရားရုံး၌ စွဲချက်တင်ခံခဲ့ကြရပြီး ပေါက်ကွဲတတ်သော ပစ္စည်းများကို တရားမဝင် ပိုင်ဆိုင်မှု (Unlawful Possession of Destructive Equipment) အပါအဝင် စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။ လော့စ်အိန်ဂျယ်လ်စ် ခရိုင်ရှေ့နေရုံးမှ အကြီးအကဲ Bill Essayli က သက်သေခံချက်များကို ပြန်လည်သုံးသပ်မှု ပြီးသည်နှင့် ထပ်ဆောင်းစွဲချက်များကို တရားလိုရှေ့နေ များက တင်သွင်းသွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂