(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ

News Image

  • (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

     (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီး‌နှောဖလှယ်ပွဲကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင်  ဆက်လက်ကျင်းပလျက် ရှိရာ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာ ရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။

 မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး  သဘာပတိအဖွဲ့ဝင်များအဖြစ်  တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းဥက္က ဦးမောင်မောင်ဦးတို့က ဆောင်ရွက်ကာ သဘာပတိက အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဥပဒေအကြံပေး ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နံနက်ပိုင်းနှီးနှောဖလှယ်ပွဲတွင်  ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းနွဲ့က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်  ပါမောက္ခချုပ်ပါမောက္ခ  ဒေါက်တာသိန်းဇော်လင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီအဖွဲ့ဝင် ဒေါ်ကြည်ဌေးက ဆောင်ရွက်သည်။

ထို့နောက် တိုင်းရင်းဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာ စာတမ်း(၁၀)စောင်ဖြစ်သော -ဂုံရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် အရိုးကျိုးရောဂါကုသနည်းကို လေ့လာခြင်း ၊ ဝိဇ္ဇာဓရနယ ဝါဠုကယန္တရားရွှေပြာ ဖုတ်နည်းနှင့်ဆေးသုံးစွဲနည်း၊ ဆေးဖက်ဝင်နနွင်းခါးပင်အကြောင်း    လေ့လာခြင်းတောလက်ဖက်  ခေါ်  ကြက်တက်ရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများကို လေ့လာတင်ပြခြင်း၊ တိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားသည့်   ဖန်ခါးပင်၏ ဆေးဖက်အသုံးပြုပုံများနှင့် သိပ္ပံနည်းကျ သုတေသနတွေ့ရှိချက်များကို  နှိုင်းယှဉ်လေ့ လာခြင်း စာတမ်းများဖတ်ကြားကြသည်။

မွန်းလွဲပိုင်း၌ နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီနာယက ဆရာကြီး ဦးမြင့်လွင်က   သဘာပတိအဖြစ်ဆောင်ရွက်ကာ သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယက ဦးသန်းညွန့်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင် ပါမောက္ခအောင်ကျော်မင်းတို့က ဆောင်ရွက်ပြီး မူးယစ်ဆေးစွဲဝေဒနာရှင်များအား မြန်မာ့ရိုးရာတိုင်းရင်း ဆေးနည်းဖြင့် ပြုစုကုသမှုအပေါ် လေ့လာသုတေသနပြုခြင်း၊   ပုဂ္ဂလပညတ်ဆေးပညာ၏ သဘောတရားများအား လေ့လာတင်ပြခြင်း အကင်း(၁၀)ပါးဆေး(တိုင်းရင်းဆေးအမှတ်-၄၃)ကို အနာရောဂါများတွင် ကုသမှုအခြေအနေကို လေ့လာတင်ပြခြင်းအရိုးကျိုးခြင်းအား တိုင်းရင်းဆေးဖြင့် ကုသခြင်းကို လေ့လာတင်ပြခြင်း ရန်ကုန်တိုင်းရင်းဆေးရုံကြီး၌  အသုံးပြုလျက်ရှိသော မန်းဆေး၏လက်တွေ့ကုထုံးအပေါ် လေ့လာတင်ပြခြင်းစာတမ်းများ ဖတ်ကြားပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက    စာတမ်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း၊   ပြန်လည်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြကာ  ပညာရပ်များ နှီးနှောဖလှယ်ကြသည်။

ညနေပိုင်းတွင်    (၂၄) ကြိမ်မြောက်မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ    အောင်မြင်စွာ ကျင်းပပြီးစီးမှုအတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင်  သဘာပတိနှင့်သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးကြပါသော ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များ၊ တိုင်းရင်းဆေးပြခန်းများ ပါဝင်ပြသကြသော  တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသည့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်   အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။                     

MWD