စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်(မီးရထား) ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိုးလွင်နှင့် မခင်ဆွေမြင့်တို့ နှစ်ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ် ခြံဝင်းအတွင်း ရပ်တန့်ထားသည့် HYUNDAI PORTER II မော်တော်ယာဉ်နှင့်အတူ မိုးမင်းစံနှင့် မျိုးသူရတို့ နှစ်ဦးအား ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအား လည်းကောင်း။

     အလားတူ TOWNACE LIGHT TRUCK မော်တော်ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော်တို့ နှစ်ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလီယံ)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်း (ဒေသကာလတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလီယံ)တို့အား သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပါသည်။ 

     ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ(ခ)သားငယ်(ဖမ်းဆီးရန်ကျန်)နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး(ဖမ်းဆီးရန်ကျန်)တို့၏ အစီအမံဖြင့် ဥတ္တရသီရိ မြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင်(ဖမ်းဆီးရန်ကျန်)သည် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA