၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(အနောက်)ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၄ နှင့် ၈၆ ကြားတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများက အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လမ်းဘေး၌ ရပ်တန့်ထားသော YGN-18 1E/XXXX NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး လေးချပ်နှင့် ယာဘက်ခြမ်းတံခါးများတွင် မိုင်းပေါက်ကွဲစများ ထိမှန်ခဲ့ရာ တန်ဖိုး ငွေကျပ် ၁၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်မှ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ အကြမ်းဖက်မှုကိုမလို လားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၅)ရပ်ကွက်၊ စွယ်တော်လမ်း၊ အမှတ်(၁၉၈)နေ ကြည်ကြည်ရွှေ(၃၇) နှစ်(ဘ)ဦးစိန်မြင့်နှင့် အခင်းဖြစ်ရပ်သို့ လိုက်ပါလာသည့် ၎င်း၏သားဖြစ်သူ မောင်လင်းလတ်ဟိန်း(ဘ)ဦးနိုင်လင်းတို့ နှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဗုံးဖောက်ခွဲရန်ခိုင်းစေသူ ကိုလင်း(ဖမ်းဆီးရန်ကျန်)မှ Kpay Account ဖြင့် ပေးအပ်သည့်ငွေကျပ် ၃၅၀,၀၀၀ မှ သုံးစွဲပြီးလက်ကျန်ငွေကျပ် ၂၄၅,၀၀၀၊ ဖုန်းအမှတ် ၀၉-၇၅၁၁၄၂၈၄၁ နှင့် ၀၉-၆၉၄၂၂၅၄၄၀ နံပါတ်ပါ itel P65 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ပြစ်မှုကျူးလွန်စဉ်က ကြည်ကြည်ရွှေ ဝတ်ဆင်ခဲ့သည့် ရှပ်အင်္ကျီလက်ရှည် တစ်ထည်၊ အနက်ရောင် လက်တိုတီရှပ်အင်္ကျီ တစ်ထည်၊ CONVERSE စာတမ်းပါ ခဲရောင်ဘောင်းဘီအရှည် တစ်ထည်၊ XAVIER DANAUD စာတမ်းပါ အနက်ရောင် အမျိုးသမီးကိုင် ဘေးလွယ်အိတ် တစ်လုံး၊ ပန်းရောင်ကွင်းထိုးဖိနပ် တစ်ရံ၊ ပြစ်မှုကျူးလွန်စဉ်က မောင်လင်းလတ်ဟိန်း ဝတ်ဆင်ခဲ့သည့် တီရှပ်အင်္ကျီလက်တို တစ်ထည်၊ ဂျင်းဘောင်းဘီအရှည် တစ်ထည်၊ ကွင်းထိုးအပြာရောင်ဖိနပ် တစ်ရံ တို့နှင့်အတူ ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၉၄၃/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ကြည်ကြည်ရွှေသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄ အမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံနေသည့် ဒုတိယခင်ပွန်းဖြစ်သူ ဇော်လင်း(ခ)ဇော်ကြီးအား ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် ဇော်လင်း(ခ)ဇော်ကြီး၏ ဆက်သွယ်ပေးမှုအရ ကိုလင်း(ဖမ်းဆီးရန်ကျန်)ထံ Telegram မှတစ်ဆင့် ဆက်သွယ်ခဲ့ရာ ကိုလင်း(ဖမ်းဆီးရန်ကျန်) ၏ ခိုင်းစေချက်အရ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံသို့သွားရောက်ကာ မနွေ(ဖမ်းဆီးရန်ကျန်) ထံ မှ လက်လုပ်ဗုံးပါ အထုပ် တစ်ထုပ်အား ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ လက်လုပ်ဗုံးအား မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်ကလေး(အနောက်)ရပ်ကွက်၊ အထက်ပန်း ဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၄ နှင့် ၈၆ ရှိ တိုက် နှစ်လုံးကြားတွင် ချထားခဲ့ပြီး ကိုလင်း(ဖမ်းဆီးရန်ကျန်)ထံ Telegram မှတစ်ဆင့် ဆက်သွယ်ပြီးနောက် ဗုံးမှာ ပေါက်ကွဲသွားခဲ့ကြောင်း၊ ထို့နောက် Kpay Account ဖြင့် ၎င်းထံသို့ ငွေကျပ် ၃၅၀,၀၀၀ အား သုံးကြိမ်ခွဲ၍ လွှဲပို့ပေးခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် ပူးပေါင်းပါဝင်သူ ဖမ်းဆီးရန်ကျန် တရားခံများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
