နိုင်ငံအချို့တွင် ကူးစက်မှုနှုန်းမြင့်တက်နေသော Subclade K ကို မြန်မာနိုင်ငံ၌ မတွေ့ရှိရသေး

News Image

  • နိုင်ငံအချို့တွင် ကူးစက်မှုနှုန်းမြင့်တက်နေသော Subclade K ကို မြန်မာနိုင်ငံ၌ မတွေ့ရှိရသေး

နေပြည်တော် ဒီဇင်ဘာ ၂၆ 

    ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ဒီဇင်ဘာလ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော် တုံဂပူရိဟိုတယ်၌ ကျင်းပသည်။ 

ဦးစွာ  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက    ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေး ရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ လတ်တလော ကမ္ဘာ့မီဒီယာများတွင် ဖော်ပြနေသည့် နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုး အမျိုးအစားဖြစ်ပြီး Subclade K ကိုမတွေ့ရှိရသေးကြောင်း၊ သို့ရာတွင် လူထုအတွင်း ရောဂါပိုးကိုကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေရမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန်မလိုအပ်ကြောင်း၊ ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာများဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံများတွင် တုပ်ကွေးရောဂါကုသဆေးများဖြင့် ကုသပေးနိုင်ရေးနှင့် အထူးကြပ်မတ်ကုသပေးနိုင်ရေး  အသင့်ပြင်ဆင်ထားရှိကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း ဆောင်ရွက်နေကြသော ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ တာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။   

MWD