မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်း ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိ
ရန်ကုန် ဇန်နဝါရီ ၇
မြန်မာအမျိုးသမီးလိဂ် ၂၀၂၅-၂၀၂၆ ရာသီအမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၃) တွင်ဧရာဝတီအသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ယှဉ်ပြိုင်မှုကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီအသင်းက ရှုံးပွဲမရှိစံချိန်ကဆက်ထိန်းပြီး ရန်ကုန်ယူနိုက်တက်အသင်းကို တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိသွားသည်။
အပြန်အလှန်တိုက်စစ်ဆင်ကစားကြရင်း ပွဲကစားချိန် ၂၇ မိနစ်အရောက်တွင် ဂိုးဧရိယာပြင်ပကနေ စန်းသော်သော်တိုက်ရိုက်ကန်သွင်းသည့်ဘောလုံး ပြန်လျှံထွက်လာသည်ကို ဖြူဖြူဝင်းကပိတ်သွင်းကာ ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုးရယူသွားခဲ့သည်။ ဦးဆောင်ဂိုးခွင့်ပြုပေးရပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုးရရှိရေး တိုက်စစ်မြှင့်ကစားခဲ့သော်လည်း ဂိုးမသွင်းနိုင်၍ ၁ ဂိုး ဂိုးမရှိဖြင့်ပင် ပထမပိုင်းပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ပထမပိုင်းဂိုးရလဒ် ၁ ဂိုး ဂိုးမရှိဖြင့်ပင် ဧရာဝတီအသင်းက
ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိသွားသည်။
မြန်မာအမျိုးသမီးလိဂ် ၂၀၂၅-၂၀၂၆ ရာသီအမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၃)၏အခြားပွဲစဉ် တစ်ပွဲဖြစ်သည့် ISPE အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ ယနေ့ညနေပိုင်းတွင် TF 1 ကွင်း၌ယှဉ်ပြိုင်ကစား ကြရာ ISPE အသင်းက ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
ဝန်းရံခ
MWD
