ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများ တိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေး

News Image

  • ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများ တိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်    ဇန်နဝါရီ    ၉ 

    ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများတိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ချောချောစိန်က လက်ရှိအချိန်၌ ပညာရေး ဒီဂရီကောလိပ် ၂၅ ကျောင်းမှအလယ်တန်းပြဆရာ၊ ဆရာမလောင်းများကို မွေးထုတ်ပေး လျက်ရှိကြောင်း၊ နိုင်ငံတော်ယာယီသမ္မတက ပညာရေးဒီဂရီကောလိပ်သင်တန်းပြီးမြောက် အောင်မြင်လာသော အလယ်တန်းပြဆရာ၊ ဆရာမလောင်းများနှင့်နိုင်ငံတစ်ဝန်း တာဝန်ထမ်းဆောင်လျက် ရှိကြသော အလယ်တန်းပြဆရာ၊ ဆရာမများ၏ပညာသင်ယူမှု အခွင့်အလမ်းကို ဆက်လက်၍ လမ်းဖွင့်‌ပေးလိုကြောင်း၊  ထို့ကြောင့်  ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ် သင်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ဆရာအတတ်သင် တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပြီး ပညာရေးဘွဲ့ရရှိကာ အထက်တန်းပြဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်လျက် မဟာတန်း၊ ပါရဂူတန်းအထိ ဆက်လက်တက်ရောက်နိုင်ရေးအတွက် ပညာသင်ယူမှုအခွင့်အလမ်းများ လမ်းဖွင့်ပေးရန် လမ်းညွှန်မှုပြုထားကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် အခြေခံပညာကျောင်းများရှိ   မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမများ၏ပညာ အရည်အချင်း၊ ရာထူးနှင့်လစာများ တိုးမြင့်

လာကာ လူမှုဘဝမြင့်မားလာစေမည့် အခွင့်အလမ်းကောင်းများ‌ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း အခွင့်အလမ်းကောင်းများကို  လက်ဆုပ်လက်ကိုင်ရယူပြီး  နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာ မိမိတာဝန်ကို ကျေပွန်စွာကြိုးစားအားထုတ်ထမ်းဆောင်ကြရန် တိုက်တွန်း ကြောင်း၊ ဤသို့ဖြင့် အခြေခံပညာအထက်တန်းကျောင်းများတွင်  အထက်တန်းပြဆရာ၊ ဆရာမများ လိုအပ်ချက်ကို ပြည့်စုံ အောင် ဖြည့်ဆည်းပေးနိုင်မည်လည်းဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့်သင်ကြားရေး ဆိုင်ရာလိုအပ်ချက်၊ ဆရာ၊ ဆရာမ လိုအပ်ချက်၊ တက္ကသိုလ်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဖြည့်ဆည်းပေးရမည့် အဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းလိုအပ်ချက်၊ ဘဏ္ဍာငွေဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့်  အပ်နှင်းမည့်ဘွဲ့တို့ကို  ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ အခြေခံပညာအလယ်တန်းအဆင့် (Grade-6,7,8,9 ) အတန်းများတွင်  စက်မှု၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်ဆိုင်ရာ  အခြေခံ ဗဟုသုတများရရှိစေရေးအတွက် တစ်ပတ်လျှင် နှစ်ချိန်သင်ကြားပို့ချပေးရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်   ဖြစ်သဖြင့် ကျောင်းသားလူငယ်များအတွက်  စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အခြေခံဗဟုသုတများ ရရှိလာပြီး  အထက်တန်းအဆင့် တက်လှမ်းပါက စက်မှု၊ စိုက်ပျိုးမွေးမြူရေး ကျောင်းများသို့လည်းကောင်း၊ ပုံမှန်ဘာသာရပ်သင် အထက်တန်းကျောင်း များသို့လည်းကောင်း မိမိဝါသနာအလျောက် ရွေးချယ်တက်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်များအနေဖြင့်လည်း အလယ်တန်း အဆင့်သင်တန်းများဖြစ်သဖြင့်  ပူးပေါင်းဆောင်ရွက်သွားကြရန်   လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အသေးစိတ်ဆက်လက်ညှိနှိုင်း ဆွေးနွေးကာ  သင်ရိုးညွှန်းတမ်းရေးဆွဲပြုစုရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။

ယင်းနောက်  ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်များနှင့်  ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများက ထောက်ခံလျက်  ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။

MWD