ချယ်လ်ဆီးအသင်းက ကိုးလ်ပယ်မာ ဂျာအိုပက်ဒရိုနှင့်ကိုင်စီဒိုတို့ကို ရောင်းချမည်မဟုတ်ကြောင်း အတည်ပြုကြေညာ
လန်ဒန် ဇွန် ၄
ချယ်လ်ဆီးအသင်းက အသင်းမှ အဓိက ကစားသမားများဖြစ်သည့် ကိုးလ်ပယ်မာ၊ ဂျာအိုပက်ဒရိုနှင့် ကိုင်စီဒိုတို့ကို ရောင်းချမည် မဟုတ်ဘဲ ကမ်းလှမ်းမှုအားလုံးကို ပယ်ချမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်ဘောလုံးရာသီ တွင် ဥရောပအဆင့်ပြိုင်ပွဲအားလုံး ဝင်ခွင့်နှင့်လွဲချော်ရပြီးနောက် အဓိက ကစားသမား တချို့အနေဖြင့် အသင်းမှထွက်ခွာရန်ပြင်ဆင်နေသကဲ့သို့ ပြိုင်ဘက် ထိပ်တန်းအသင်းကြီးများကလည်း ချယ်လ်ဆီးအသင်း ၏ ဥရောပအဆင့်ပြိုင်ပွဲအားလုံးလွဲချော်မှုကို အခွင့် ကောင်းယူပြီး ချယ်လ်ဆီးအသင်းမှ အဓိကကစားသမားတချို့ကိုခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား ကိုးလ်ပယ်မာသည် ၂၀၂၃ ခုနှစ်က မန်စီးတီးအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ရာသီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်သော်လည်း ယခုဘောလုံးရာသီတွင် ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းမှုကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။
လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် ကိုးလ်ပယ်မာသည် ချယ်လ်ဆီးအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသော်လည်း ချယ်လ်ဆီးအသင်းက အသင်း၌သာ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကွင်းလယ်ကစားသမားကိုင်စီဒိုနှင့် တိုက်စစ် ကစားသမား ဂျာအိုပက်ဒရိုတို့သည်လည်း အသင်း တွင် အရေးပါသည့် ကစားသမားများအဖြစ် ပါဝင်နေသည့်အတွက် ချယ်လ်ဆီးအသင်းက အသင်း၌ ဆက်လက်ထိန်းထားမည်ဖြစ်သည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော အဓိကကစားသမားများ ဖြစ်သည့် အန်ဇိုဖာနန်ဒက်နှင့် ကူကူရယ်လာတို့နှစ်ဦးကိုမူ သင့်လျော်သည့် ပြောင်းရွှေ့ကြေးရရှိမည်ဆိုပါက လက်ခံဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
Ref;Transfer News
MWD
