Deepfake ညစ်ညမ်းဗီဒီယိုများ ဖန်တီးနိုင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှ Elon Musk ၏ Grok AI ကို ပိတ်ပင်
Deepfake နည်းပညာသုံး ညစ်ညမ်းအကြောင်းအရာများ ဖန်တီးမှုကို အားပေးအားမြှောက်ဖြစ်စေသည်ဟူသော စိုးရိမ်မှုများမြင့်တက်လာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် Elon Musk ၏ Grok AI ကို ပိတ်ပင် လိုက်ပြီဖြစ်သည်။ အင်ဒိုနီးရှား ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်ရေးရာ ဝန်ကြီးဌာန၏ ယခုလုပ်ဆောင်ချက်ကြောင့် အင်ဒိုနီးရှားသည် အဆိုပါ AI ကို ပထမဆုံး ယာယီပိတ်ပင်သည့် အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာ ခဲ့သည်။
Grok သည် ကလေးငယ်များ၏ ပုံရိပ်များအပါအဝင် ဓာတ်ပုံများမှ တစ်ဆင့် ကာမရာဂစိတ်ကြွစေသော Deepfake ပုံရိပ်ယောင်များကို ဖန်တီးပေး နိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ကမ္ဘာတစ်ဝှမ်းတွင် ဝေဖန်စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့နောက်တွင် xAI ကုမ္ပဏီမှ ထုတ်လုပ်ထားသော အဆိုပါ app မှ ထွက်ပေါ်လာသည့် လိင်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အချို့ က စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြသည်။
ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံသည် ရိုင်းစိုင်းညစ်ညမ်းသည်ဟု ယူဆရသော အကြောင်းအရာများကို တင်းတင်း ကျပ်ကျပ်ပိတ်ပင်သည့် စည်းမျဉ်းများကို ကျင့်သုံးလျက်ရှိသည်။ ဆက်သွယ်ရေး နှင့် ဒီဂျစ်တယ်ရေးရာဝန်ကြီး Meutya Hafid က “အမျိုးသား / သမီး များ ၏ သဘောတူညီချက်မပါဘဲ ဖန်တီးထားသည့် လိင်မှုဆိုင်ရာ Deepfake ဗီဒီယိုများကို လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီဂျစ်တယ် နယ်ပယ် အတွင်းရှိ နိုင်ငံသားများ၏ လုံခြုံရေးကို ပြင်းထန်စွာချိုးဖောက်မှုအဖြစ် အစိုးရကရှုမြင်ပါသည်” ဟု ပြောကြားခဲ့ပြီး၊ AI ကို အသုံးပြု၍ ညစ်ညမ်း ဗီဒီယိုအတုများ ဖန်တီးခြင်းကို “ဒီဂျစ်တယ် အခြေပြု အကြမ်းဖက်မှု” (Digital-based violence) ပုံစံတစ်မျိုးအဖြစ် ဖော်ပြခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်စျေးကွက်တစ်ခုဖြစ်သည့် အင်ဒိုနီးရှားတွင် Grok ၏ အနာဂတ်မှာ X အနေဖြင့် ခိုင်မာသော အကြောင်းအရာ စစ်ထုတ် စနစ် (Content filters) များ ကျင့်သုံးရန်နှင့် ကျင့်ဝတ်နှင့်ညီညွတ်သော AI စံနှုန်းများကို လိုက်နာရန်ဆန္ဒရှိ၊မရှိအပေါ် မူတည်လိမ့်မည်ဟု Hafid က ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိတွင် X မှ တာဝန်ရှိသူများကို ဆွေးနွေးရန် ဆင့်ခေါ်ထားကြောင်း သိရှိရသည်။
ကြာသပတေးနေ့ (ဇန်နဝါရီ ၈) က ဥရောပကော်မရှင်သည် Grok chatbot နှင့် သက်ဆိုင်သည့် အချက်အလက်နှင့် အထောက်အထားများ အားလုံးကို ၂၀၂၆ ခုနှစ် ကုန်ဆုံးသည်အထိ ထိန်းသိမ်းထားရန် X ကုမ္ပဏီ ကို အမိန့်ပေးခဲ့သည်။ ဥရောပသမဂ္ဂ၏ ဒီဂျစ်တယ် ဝန်ဆောင်မှုများ ဆိုင်ရာ အက်ဥပဒေ (Digital Services Act) အရ ဆောင်ရွက်သည့် ယခု ကြိုတင် ကာကွယ်မှုသည် တရားမဝင်သောအကြောင်းအရာများ ပျံ့နှံ့မှုအပေါ်စိုးရိမ်ပူပန်မှုများရှိနေစဉ်အတွင်း အထောက်အထားများ ပျောက်ပျက် မသွား စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံတွင်လည်း Grok မှ ထွက်ပေါ်လာသည့် ညစ်ညမ်း အကြောင်း အရာများကြောင့် X ကို ပိတ်ပင်ရန်အထိဖြစ်လာနိုင်ကြောင်း ယခု သီတင်းပတ် အစောပိုင်းတွင် The Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် Keir Starmer သည် အဆိုပါကိစ္စကို မီဒီယာ ထိန်းသိမ်းရေး အဖွဲ့ (Ofcom) ထံသို့ လွှဲပြောင်းပေးအပ်ထားပြီး အလုံးစုံပိတ်ပင်ခြင်း အပါအဝင် ရွေးချယ်စရာနည်းလမ်းများကို စဉ်းစားနေကြောင်း သိရှိ ရသည်။
ယခုလအစောပိုင်းကလည်း လူပေါင်း ရာနှင့်ချီ၍ ၎င်းတို့၏ ဓာတ်ပုံများမှာ ဒီဂျစ်တယ် နည်းပညာဖြင့် "အဝတ်အစားများ ချွတ်ထားသကဲ့သို့" ပြုလုပ်ခံရကြောင်း တိုင်ကြားခဲ့ပြီးနောက်၊ Grok မှ ထွက်ပေါ်လာသော လိင်မှုဆိုင်ရာ Deepfake များ ပျံ့နှံ့မှုနှင့်ပတ်သက်၍ ပြင်သစ်အစိုးရ ရှေ့နေများက စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့သည်။
Elon Musk ၏ AI လုပ်ငန်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် Grok 4 ကို စတင်မိတ်ဆက်ကတည်းက အငြင်းပွားမှုများနှင့် ဆက်တိုက် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။ ဝေဖန်သူများကမူ အစွန်းရောက်သော ပြောဆိုမှုများ၊ နိုင်ငံရေးဘက်လိုက်မှုများနှင့် လိင်မှုဆိုင်ရာ ဖန်တီးနိုင်စွမ်းရှိသည့် လုပ်ဆောင်ချက်များသည် လုံလောက်သောကာကွယ်တားဆီးမှုများ မရှိ ခြင်း၏ သက်သေသာဖြစ်ကြောင်း ထောက်ပြကြသည်။ စနစ်တကျ ထိန်းချုပ်ထားခြင်းမရှိသည့် AI ကိရိယာများသည် အသုံးပြုသူများ၊ အထူး သဖြင့် ကလေးငယ်များအား ဘေးအန္တရာယ်ရှိသော အကြောင်းအရာ များနှင့် ထိတွေ့မိစေရန် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း ကျွမ်းကျင်သူ များက သတိပေးထားကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
