ဗင်နီဇွဲလား ခေါင်းဆောင်နှင့် ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု အသေးစိတ်ကို ထရမ့် ထုတ်ဖော်ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ် (Delcy Rodriguez) တို့သည် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၄) တွင် ဖုန်းဖြင့်အချိန်အတော်ကြာ ဆက်သွယ်စကား ပြောဆိုခဲ့ကြသည်။ ၎င်းသည် အမေရိကန်စစ်တပ်က သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီး ခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံးအကြိမ် တိုက်ရိုက် ဆက်သွယ်မှု ဖြစ်လာခဲ့သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုကို နှစ်ဖက်စလုံးက ကောင်းမွန်ပြီး အကျိုးရှိသော ဆွေးနွေးမှုအဖြစ် ဖော်ပြခဲ့ကြသည်။ ဇန်နဝါရီလ ၃ ရက်နေ့က စီးနင်း တိုက်ခိုက်မှုအတွင်း ဗင်နီဇွဲလားစစ်တပ်မှ အဖွဲ့ဝင်များ၊ မာဒူရို၏ ကျူးဘား လုံခြုံရေးဝန်ထမ်းများနှင့် အရပ်သားများအပါအဝင် အနည်းဆုံး လူ ၈၀ ဦးခန့် သေဆုံးခဲ့ပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ယခုဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေဖြင့် ဖုန်းခေါ်ဆိုမှုအတွင်း အကြောင်းအရာ တော်တော် များများကိုဆွေးနွေးခဲ့ကြသလို ဗင်နီဇွဲလားနှင့် အဆင်ပြေပြေ ဆက်ဆံ နိုင်မည်ဟု ထင်ပါသည်” ဟု ထရမ့်က သတင်းထောက်များကို ပြောကြား ခဲ့ပြီး ရိုဒရီဂွတ်ဇ်ကိုလည်း “တော်ရုံတန်ရုံ မဟုတ်သည့် ပုဂ္ဂိုလ် (Terrific person)” ဟု ချီးကျူးစကား ဆိုခဲ့သည်။
ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ကြီးမားသော တိုးတက်မှုများရှိနေကြောင်း ဖော်ပြခဲ့ပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာ များထဲတွင် “ရေနံ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ ကုန်သွယ်ရေးနှင့် အမျိုးသားလုံခြုံရေး” တို့ကို အထူးပြု၍ ထည့်သွင်းပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့ကြားက ထိုမိတ်ဖက် ဆက်ဆံရေးက အားလုံးအတွက် ခမ်းနားကြီးကျယ်သည့် ဆက်ဆံရေး တစ်ခု ဖြစ်လာမှာပါ ၊ ဗင်နီဇွဲလားက မကြာခင်မှာပဲ တစ်ခါဖူးမျှ မရှိခဲ့ ဖူးသည့် အခြေအနေမျိုးနှင့် အရှိန်အဟုန်ဖြင့် ပြန်လည်ကြီးပွား တိုးတက် လာပါလိမ့်မည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ရိုဒရီဂွတ်ဇ်ကလည်း အဆိုပါ ဖုန်းပြောဆိုမှုကို “ရှည်လျားပြီးအကျိုးရှိကာ ယဉ်ကျေးပျူငှာသည့် ဆွေးနွေးမှု” အဖြစ်သတ်မှတ်ခဲ့ပြီး နိုင်ငံနှစ်ခုလုံး အတွက်အကျိုးရှိစေမည့် နှစ်နိုင်ငံချင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ရိုဒရီဂွတ်ဇ်က မည်သည့် နိုင်ငံခြား ကိုယ်စားလှယ်ကိုမျှ ဗင်နီဇွဲလားအား ထိန်းချုပ်ခွင့်ပေးမည်မဟုတ်သလို “ကိုလိုနီ” တစ်ခုအဖြစ် အသွင်ပြောင်းခွင့်ပေးမည်မဟုတ်ကြောင်း ကနဦး က ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဆွေးနွေးမှု များပေါ်ပေါက်လာခြင်းမှာ သဘောထားတင်းမာမှု လျော့ကျ လာသည့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည်။
ထရမ့်အစိုးရက ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှုနှင့်တင်ပို့မှုအပေါ် ထိန်းချုပ် နိုင်ရေးသည် ၎င်းတို့မဟာဗျူဟာ၏ အဓိကမဏ္ဍိုင်ဖြစ်ကြောင်း ပြောကြား ထားသည်။ အမေရိကန်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း အနည်းဆုံး သင်္ဘော ၅ စီးကို ကြားဖြတ်တားဆီးခဲ့ပြီး အမေရိကန်၏ခွင့်ပြုချက်မရှိဘဲ ဗင်နီဇွဲလား ရေနံ များကို သယ်ဆောင်နေသည်ဟု သံသယရှိရသော အခြားကုန်တင် သင်္ဘော ဒါဇင်ပေါင်းများစွာကို သိမ်းဆည်းရန် ဝါရှင်တန်က တရားရုံး ဝရမ်းများ ထုတ်ပြန်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။
မာဒူရို ဖမ်းဆီးခံရပြီးနောက်တွင် ထရမ့်က ဝါရှင်တန်အနေဖြင့် အကူး အပြောင်းကာလအတွင်း ဗင်နီဇွဲလားကို စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း နှင့် ၎င်းတို့နိုင်ငံရှိ ရေနံနှင့်အခြားအရာများအပေါ် အပြည့်အဝစီမံပိုင်ခွင့် (Total Access) လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် စွမ်းအင် ဝန်ကြီး ခရစ်ရိုက်တ် (Chris Wright) ကလည်း ဝါရှင်တန်အနေဖြင့် ဗင်နီဇွဲလား ၏ ရေနံရောင်းဝယ်မှုများကို “အကန့်အသတ်မရှိ (Indefinitely)” ထိန်းချုပ် သွားရန် ရည်ရွယ်ထားကြောင်း၊ ကနဦးတွင် သိုလှောင်ထားသော ရေနံစိမ်း များကို ဈေးကွက်တင်ရောင်းချပြီးနောက် နောင်တွင်ထွက်ရှိလာမည့် ထုတ်လုပ်မှုများကိုပါ စီမံခန့်ခွဲသွားမည်ဖြစ်ကာ ရရှိလာသော ဝင်ငွေများ ကို အမေရိကန်က ထိန်းချုပ်ထားသော ဘဏ်စာရင်းများထဲသို့ ထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် တာဝန်ရှိသူများ ကမူ ထိုသို့ထိန်းချုပ်ခြင်းမှာ ဗင်နီဇွဲလား၏စီးပွားရေးကို တည်ငြိမ်စေရန် နှင့် အမေရိကန်နှင့် ဗင်နီဇွဲလားနှစ်နိုင်ငံလုံး၏ အကျိုးစီးပွား အတွက် ဆောင်ရွက်ပေးရန် လိုအပ်သောကြောင့်ဖြစ်သည်ဟု အကြောင်းပြချက် ပေးထားကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
