ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်စေရေး တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
ကျောက်ဆည် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေး ယနေ့နံနက် ၁၀ ပိုင်းက အခြေခံပညာဦးစီးဌာန နှင့်ပူးပေါင်း၍ တောင်နောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲ၌ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က ကျန်းမာရေးသည် လူသားတိုင်းအတွက် အရေးကြီးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို နေ့စဉ်ပြုလုပ်သွားရမည်ဖြစ်ပြီး ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက အဆိုပါကျောင်းရှိ ဆရာမ ၃ ဦး၊ ကျောင်းသား ၃၀ ဦး၊ ကျောင်းသူ ၂၅ ဦး စုစုပေါင်း ၅၈ ဦးတို့အား အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
