နောင်ချိုမြို့နယ် သုံးဆယ် တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ
နောင်ချို ဒီဇင်ဘာ ၂၂
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာန နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် နှီးနွှယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်စေတနာရှင်များ ပူးပေါင်း၍ ဒေသတွင်းအကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှစ၍ လုပ်ငန်း(ယာယီ)ရပ်ဆိုင်းထားသော နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေး ဦးစီးဌာနအနေဖြင့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကို ၂၀၂၅ခုနှစ် ဩဂုတ်လ ၂ ရက်က ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး ယခုအခါ သုံးဆယ်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် သုံးဆယ်တိုက်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၃၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနနှင့် ဌာနခွဲ ၃၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။
နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး လုပ်ငန်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများဆောင် ရွက်ပေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းအား ပြန်လည် အားဖြည့်ဆောင်ရွက်ရန်အတွက် အမီလိုက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက် ၁၅ နှစ်အောက်ကလေးများအား အထူးအစီအစဉ် (Special Immunization Activities) ဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းစသည်ဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အခြေခံ ကျန်းမာရေး ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်အထိ အသက် ၁၅ နှစ်အောက် ကလေးငယ် ၃၂၃၅၀ ဦးကို လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
MWD
