၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

News Image

  • ၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်     ဇန်နဝါရီ      ၃၁

၂၀၂၅   ခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့  ပြည်လမ်းNovotel Hotel Max ရှိ ပုသိမ်ခန်းမ(မြေညီထပ်)၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)  လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကလပ်အသင်းပိုင်ရှင်များ၊  အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ယူ-၁၇ အမျိုးသား/ အမျိုးသမီးလက်ရွေးစင် အားကစားသမားများ   တက်ရောက်ကြသည်။

ဂုဏ်ပြုပွဲတွင်   ၂၀၂၅  ခုနှစ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်

ခဲ့မှု ဗီဒီယိုရုပ်သံအား ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်  ယှဉ်ပြိုင်ကစားခဲ့ကြသည့်အတွက်   နိုင်ငံ့ဂုဏ်ကို    မြှင့်တင်နိုင်ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း၊    ၂၀၀၆ ခုနှစ်တွင်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နှစ် ၂၀ ကြာ ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်၍ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်လာမည့် အာရှဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲတွင်လည်း  အောင်မြင်မှုများရရှိပြီး  ကမ္ဘာ့အဆင့် အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ကို ပိုမိုမြှင့်တင်နိုင်အောင် ကြိုးစားသွားကြရန် တိုက်တွန်းကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ်သိန်း ၁၀၀၀ ကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ အသက် ၁၇ နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းတို့က လက်ခံရယူကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အာရှယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသက် ၁၇ နှစ်အောက် မြန်မာ့လက်ရွေးစင်အမျိုးသားနှင့် အမျိုးသမီး ဘောလုံးအသင်းတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လက်ခံရယူသည်။ 

ဆက်လက်၍ အလှူရှင်များက အသက်၁၇ နှစ်အောက် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ်သိန်း ၃၅၀၀ နှင့် အသက်  ၁၇ နှစ်အောက် အမျိုးသား လက်ရွေးစင်ဘောလုံး အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ်သိန်း   ၅၅၀၀  တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌတို့က  ချီးမြှင့်ပေးအပ်ရာ အာရှယူ-၁၇ ခြေစစ်ပွဲအောင်မြင်ခဲ့သော အသက် ၁၇ နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့မှ အားကစားသမားများက လက်ခံရယူသည်။

ထို့နောက်   အသက်  ၁၇ နှစ်အောက် မြန်မာ့လက်ရွေးစင်  အမျိုးသမီးဘောလုံးအသင်း(ကိုယ်စား)    အားကစားသမား အယ်အယ်ဆိုင်းထွယ်နန်းနှင့် အသက် ၁၇နှစ်အောက်    မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း(ကိုယ်စား)အသင်း ခေါင်းဆောင်အောင်သီဟတို့က  ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အားကစား သမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။         

 မြဝတီ

MWD