အီရန်အနေဖြင့် နျူကလီးယားကိစ္စကို အမေရိကန်နှင့်သာ ဆွေးနွေးရန် ပြင်ဆင်နေကြောင်း အီရန်ခေါင်းဆောင် အကြံပေး ပြောကြား

News Image

  • အီရန်အနေဖြင့် နျူကလီးယားကိစ္စကို အမေရိကန်နှင့်သာ ဆွေးနွေးရန် ပြင်ဆင်နေကြောင်း အီရန်ခေါင်းဆောင် အကြံပေး ပြောကြား

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားရေးရာကိစ္စနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုနှင့်သာ ဆွေးနွေးရန်အသင့်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများမှာ ထိုကိစ္စနှင့်ပတ်သက်၍ ကိုယ်ပိုင်စွမ်းဆောင်နိုင်ရည်မရှိသည်ကို သက်သေပြပြီးသားဖြစ်ကြောင်း အီရန်ခေါင်းဆောင် အလီခါမေနီ၏ အကြံပေး အလီရှမ်ခါနီက Al Mayadeen သတင်းဌာနသို့ ပြောကြားလိုက်ပါသည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လ စစ်ပွဲမတိုင်မီ ဆွေးနွေးမှုများ ပြုလုပ်စဉ်အခါက ဥရောပနိုင်ငံများသည် ဘာမျှမလုပ်ပေးနိုင်ကြောင်းကို သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ အမေရိကန်သာ ယခုနျူကလီးယားရေးရာကိစ္စကို ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်နိုင်ခြေရှိကြောင်းကိုလည်း ရှမ်ခါနီက ဝန်ခံထားပါသည်။ “နှစ်ဖက်အကြား နားလည်မှုတစ်ရပ် ရရှိပြီးနောက်အကျိုးအကြောင်း မဆီလျော်သည့် တောင်းဆိုချက်များကို ရှောင်ရှားနိုင်ပါက နှစ်ဖက်ဆွေးနွေးမှုများ စတင်သင့်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် သဘောတူညီချက်တစ်ရပ် ရရှိနိုင်ခြေရှိကြောင်း၊ တူရကီနိုင်ငံအပါအဝင် တိုက်ရိုက် သို့မဟုတ် တိုက်ရိုက်မဟုတ်သော တွေ့ဆုံမှုများ ပြုလုပ်နိုင်မည့် အလားအလာကို လမ်းဖွင့်ပေးကြောင်း ၎င်းက ဆိုထားပါသည်။

ကိုးကား - TASS

ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃