လုံခြုံရေးအာမခံချက်များအဖြစ် ယူကရိန်းတွင် နေတိုးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှုကို ရုရှား လက်သင့်မခံ
လုံခြုံရေးအာမခံချက် တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းနယ်မြေထဲတွင် ဥရောပသမဂ္ဂ (အီးယူ) သို့မဟုတ် နေတိုး တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှုကို ရုရှားနိုင်ငံက လက်သင့်မခံကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရက်ရှ်ကိုက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့ သည်။
“ထိုကိစ္စနှင့်စပ်လျဉ်း၍ လက်သင့်မခံကြောင်း ကျွန်တော်တို့ အတိအလင်းပြောခဲ့ပြီးပါပြီ။ မည်သည့် နေတိုးအဖွဲ့ဝင်ကိုမျှ၊ မည်သည့်ပြည်ပတပ်ဖွဲ့ဝင်တွေကိုမျှ လက်မခံပါ” ဟု ဂရက်ရှ်ကိုက RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ပြင်သစ်တပ်ကြပ်တစ်ယောက်က နေတိုးအဖွဲ့ဟု ရေးထားသည့် ကက်ဦးထုပ်ကို ဆောင်းထားတာပဲဖြစ်ဖြစ် အီးယူလို့ရေးထားသည့် ကက်ဦးထုပ်ကို ဆောင်းထားတာပဲ ဖြစ်ဖြစ် ဘာမျှ ကွာခြားမှုမရှိပါ။ ယင်းက အခြေအနေကို ပြောင်းလဲစေမှာမဟုတ်သလို ကျွန်တော်တို့၏ ရပ်တည်ချက် ကလည်း ပြောင်းလဲခြင်းမရှိပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လက်ရှိလုံခြုံရေးအာမခံချက်ဆိုင်ရာ အဆိုပြုချက် များတွင် အမေရိကန်၏ အကူအညီနှင့်အတူ အဓိကအားဖြင့် ပြင်သစ်နှင့် ဗြိတိန်အပါအဝင် ဥရောပ နိုင်ငံများမှ ဝေပုံကျပါဝင်သည့် တပ်များကို ယူကရိန်းသို့ ဖြန့်ကြက်မည့် အစီအစဉ်များလည်း ပါဝင်သည်ဟု အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် ဂရက်ရှ်ကို၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်၏ အကူအညီနှင့်ပတ်သက်၍မူ ရူဘီယိုက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များအား ယူကရိန်း၌ တပ်ဖြန့်မှုနှင့် သက်ဆိုင်သည့် အနာဂတ်ဖြစ်နိုင်ခြေမှန်သမျှကို ရုရှားနိုင်ငံက ပြတ်ပြတ်သားသားလက်မခံကြောင်း၊ ယင်းလုပ်ရပ်သည် တင်းမာမှုများကို သိသိသာသာ အရှိန်မြင့်တက်စေနိုင်ကြောင်း ထပ်တလဲလဲ သတိပေးထားသည်။ ထို့ပြင် ယင်းသို့သော တပ်ဖွဲ့များကို ဖြန့်ကြက်ဖွယ်ရှိသည့် အလားအလာနှင့် ပတ်သက်၍ ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများ၏ ထုတ်ပြန်ချက်များကိုလည်း ရုရှားအစိုးရက ဝေဖန်ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်များမှာ စစ်ပွဲသက်ဆိုးရှည်စေရန် လှုံ့ဆော်အားပေးနေသည့် ရန်စမှုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား - Xinhua
