အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေး
ကျောက်ဆည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်းမှ သွားဖွားဆရာမ ကျောင်းကျန်းမာရေးဆရာမ ဒေါ်ဇာဇာဝင်းက ကျောင်းသား၊ကျောင်းသူလေးများအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းများ ရှင်းလင်း ဟောပြောခဲ့ပြီး စနစ်တကျလက်ဆေးနည်းများကို လက်တွေ့လုပ်ဆောင်စေခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းခိုင်နှင့် ဆရာ/ ဆရာမများနှင့်အတူ ကြက်ဥ၊ ရွှေဖရုံ၊ ပဲဝါလေးဟင်းများနှင့် အာဟာရထမင်းများ၊ ဖီးကြမ်းငှက်ပျောသီးများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
