(၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထဲတွင် ထူးခြားသည့် ဝိသေသအရည်အချင်းနှင့် အရည်အသွေး များစွာရှိသော အဖွဲ့အစည်းဖြစ်ကြောင်း၊ ထင်ရှားသည့် သာဓကအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်တုံ့ပြန်ရေးတွင် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာ လုပ်အားရှင်များသာမက အခြား ပြည်နယ်၊ တိုင်းဒေသကြီးများမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များကလည်း ငလျင်ဘေးသင့်ပြည်သူများထံ ချက်ချင်းသွားရောက် ကူညီပေးခြင်းကို အထင်အရှားတွေ့မြင်ခဲ့ရကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ် ထိခိုက်ဒဏ်ရာရသူများအတွက် လူနာသယ်ပို့စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထိရောက်ကောင်းမွန်သည့် လူနာသယ်ပို့စနစ် တစ်ခုဖြစ်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ပေးရန်တိုက်တွန်းလိုကြောင်း။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့် အညီ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကြက်ခြေနီ အခြေခံမူများနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ပေးကြရန် လိုအပ်သလို နိုင်ငံ အကျိုး၊ ပြည်သူလူထုအကျိုးအတွက် အထူး အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အသင်း၏ ၂၀၂၅ ခုနှစ်အတွင်း လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး (၈၈)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
အဆိုပါ (၈၈)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MWD
