ဟောင်ကောင် မီဒီယာလောက၏ ထိပ်တန်းလုပ်ငန်းရှင် ဂျင်မီလိုင် (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် စီရင်ချက်ချမှတ်တော့မည်

News Image

  • ဟောင်ကောင် မီဒီယာလောက၏ ထိပ်တန်းလုပ်ငန်းရှင် ဂျင်မီလိုင် (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် စီရင်ချက်ချမှတ်တော့မည်

ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသူ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် (Jimmy Lai) ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရနိုင်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုများအတွက် တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) တွင် စီရင်ချက်ချမှတ်တော့မည်ဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့ အစည်းအချို့နှင့် အနောက်နိုင်ငံများကမူ ၎င်းကို ပြန်လွှတ်ပေးရန် ဆက်လက်တောင်းဆိုနေကြသည်။

ယခုအခါ ပိတ်သိမ်းလိုက်ပြီဖြစ်သော Apple Daily သတင်းစာကို တည်ထောင်သူ အသက် ၇၈ နှစ် အရွယ် ဂျင်မီလိုင်သည် ပေကျင်းက ပြဋ္ဌာန်းလိုက်သည့် အမျိုးသားလုံခြုံရေးဥပဒေအရ ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု နှစ်ခု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှုပြုသည့် စာပေထုတ်ဝေမှု တစ်ခုတို့ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်းခံထားရသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က ၎င်းအနေဖြင့် ပြီးခဲ့သည့်လ ပေကျင်းခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်သူ ဂျင်မီလိုင်၏ အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါ ဆွေးနွေးမှုမှာ "အပြန်အလှန် လေးစားမှုရှိသော" ဆွေးနွေးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ဂျင်မီလိုင်ကို လွှတ်ပေးရန် တောင်းဆိုထားသည်။

တရားရုံး၏ ထုတ်ပြန်ချက်အရ ဂျင်မီလိုင်သည် ၎င်း၏ ပြစ်ဒဏ်ကို နံနက် ၁၀ နာရီ (ဂရင်းနစ် စံတော်ချိန် ၀၂:၀၀ နာရီ) တွင် စတင်မည့် အထူးတရားခွင်၌ အထက်တရားရုံး တရားသူကြီး သုံးဦးထံမှ နားကြားရမည်ဖြစ်သည်။ ၎င်းသည် တရားရင်ဆိုင်နေရစဉ်အတွင်း အကျဉ်းထောင်ထဲ၌ ငါးနှစ် ကျော်ကြာ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဖေဖော်ဝါရီ ၉ ရက်နေ့ စီရင်ချက်မချမီ ထုတ်ပြန်ချက်တစ်ခုတွင် ဂျင်မီလိုင်၏ တရားစီရင်မှုသည် "အစအဆုံး ဟန်ပြသက် သက်သာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည့် ဟောင်ကောင်ဥပဒေများကို လုံးဝအလေးမထားကြောင်း ပြသနေသည်" ဟု ပြောကြားခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကလည်း ဂျင်မီလိုင်အပေါ် ချမှတ်မည့် စီရင်ချက်သည် "ဂျင်မီလိုင် တစ်ဦးတည်းအတွက်သာမကဘဲ ထိုဒေသရှိ သတင်းလွတ်လပ်ခွင့်၏ အနာဂတ်အတွက်ပါ ပြတ်သားသော အချက်ပြမှုတစ်ခု ဖြစ်လိမ့်မည်" ဟု ဆိုသည်။

ပေကျင်းအစိုးရကမူ ဝေဖန်သူများသည် ဟောင်ကောင်၏ တရားစီရင်ရေးစနစ်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပယ်ချထားပြီး ဟောင်ကောင်အာဏာပိုင်များက ဂျင်မီလိုင်၏ အမှုသည် "လွတ်လပ်စွာ ပြောဆိုခွင့် သို့မဟုတ် သတင်းလွတ်လပ်ခွင့်နှင့် လုံးဝ မသက်ဆိုင်ပါ" ဟု ပြောကြားထားသည်။

ပေကျင်းအတွက် ရေရှည်ဆူးငြောင့်ခလုတ်ဖြစ်ခဲ့သူ ဂျင်မီလိုင်သည် ၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သော ကြီးမားပြင်းထန်သည့် ဒီမိုကရေစီအရေးဆန္ဒပြပွဲများအပြီး တစ်နှစ်အကြာ ၂၀၂၀ ပြည့်နှစ်တွင် ပေကျင်းက ပြဋ္ဌာန်းလိုက်သော အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရားသူကြီးများ၏ ဆုံးဖြတ်ချက်၌ ဂျင်မီလိုင် သည် "တရုတ်နိုင်ငံအပေါ် နာကျည်းမှုနှင့်မုန်းတီးမှုကို ၎င်း၏ လူလားမြောက်သည့် သက်တမ်းတစ်လျှောက် နှစ်ပေါင်းများစွာ မွေးမြူထားခဲ့သူ" ဖြစ်ပြီး "တရုတ်ကွန်မြူနစ်ပါတီ ကျဆုံးခန်း" ကို ရှာကြံခဲ့သူဖြစ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့တွင် တရားသူကြီးများသည် ဂျင်မီလိုင်၏ ပြည်ပနှင့် ပူးပေါင်းကြံစည်မှုပြစ်မှုများသည် "ကြီးလေးသော သဘောသဘာဝ" ရှိမရှိကို ဦးစွာ ဆုံးဖြတ်ကြမည်ဖြစ်ပြီး ထိုသို့ဖြစ်ပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် သတ်မှတ်ဖွယ်ရှိသည်။ ကိုလိုနီခေတ်ကတည်းက ရှိခဲ့သော ဆူပူအုံကြွအောင်လှုံ့ဆော်သည့် စာပေထုတ်ဝေမှု ပြစ်မှုအတွက်မူ အများဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ ဂျင်မီလိုင်နှင့်အတူ အပြစ်ရှိကြောင်း ဝန်ခံထားသည့် Apple Daily အမှုဆောင် အရာရှိ ခြောက်ဦးအပါအဝင် တရားခံ ၈ ဦးကိုလည်း တစ်ပါတည်း စီရင်ချက်ချမည်ဖြစ်သည်။ Apple Daily သတင်းစာသည် ၂၀၂၁ ခုနှစ်တွင် ရဲတပ်ဖွဲ့၏ ဝင်ရောက် စီးနင်းမှုများအပြီးနောက် ပိတ်သိမ်းခဲ့ရသည်။

ဒေသတွင်းမီဒီယာများ၏ အဆိုအရ ဂျင်မီလိုင်သည် တရားရုံးသို့ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အသနားခံစာ တင်သွင်းခဲ့ခြင်းမရှိပေ။ ၎င်း၏ ရှေ့နေဖြစ်သူ Robert Pang က ဂျင်မီလိုင်၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ ထောင်ဒဏ်ရှည်ချမှတ်ခြင်းမှာ "ပိုမိုပြင်းထန်လွန်းရာ" ရောက်လိမ့်မည်ဟု တရားရုံးတွင် လျှောက်လဲခဲ့သည်။ "ထောင်ထဲမှာ ကုန်ဆုံးရသည့်ရက်တိုင်းက ၎င်း၏ ဘဝနိဂုံးဆီကို ပိုပြီး နီးကပ်သွားစေလိမ့်မည်" ဟု ရှေ့နေက ထိုစဉ်က ပြောကြားခဲ့သည်။

တရားလိုဘက်ကမူ ဂျင်မီလိုင်၏ "အထွေထွေကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်သည်" ဟု အကျဉ်းထောင်ဆေးမှတ်တမ်းကို ကိုးကား၍ တုံ့ပြန်ခဲ့ပြီး နှလုံး၊ သွားနှင့် ခြေသည်းလက်သည်း ဝေဒနာများအတွက်ကုသမှုခံယူပြီးနောက် ၎င်းတွင် တိုင်တန်းချက် တစ်စုံတစ်ရာမရှိကြောင်း ပြောဆို ခဲ့သည်။ ထို့ပြင် ဂျင်မီလိုင်သည် နှောင့်ယှက်ခံရမှုများမှ ရှောင်ရှားနိုင်ရန် ၎င်း၏ တောင်းဆိုချက်အရ သီးသန့်ချုပ်နှောင်ခြင်း (Solitary Confinement) ခံယူနေခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်း၏ သားသမီးနှစ်ဦးကမူ လွန်ခဲ့သောလများအတွင်း ဖခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း အာဏာပိုင်များက ဂျင်မီလိုင်သည် "လုံလောက်ပြီး ပြည့်စုံသော" စောင့်ရှောက်မှုများ ရရှိနေသည်ဟု ပြောကြားထားသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂)