ကျောရိုးအတွင်းနာကျင်မှု အာရုံကြောတွေ ဝင်ရောက်မှုကို တားဆီးနိုင်မယ့် နည်းလမ်းအသစ်

News Image

  • ကျောရိုးအတွင်းနာကျင်မှု အာရုံကြောတွေ ဝင်ရောက်မှုကို တားဆီးနိုင်မယ့် နည်းလမ်းအသစ်

သိပ္ပံပညာရှင်တွေဟာ ကျောရိုးယိုယွင်းရာကနေတစ်ဆင့် နာတာရှည်ခါးနာတာ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ရှင်းပြပေးနိုင်မယ့် နည်းလမ်းအသစ်တစ်ခုတွေ့ရှိလိုက်ပါတယ်။ ပုံမှန်ဆိုရင် ကျောရိုးထဲမှာ မရှိသင့်တဲ့ နာကျင်မှုအာရုံကြောတွေဟာ ကျောရိုးယိုယွင်းလာတဲ့အခါ အဲဒီနေရာတွေအထိ ကျူးကျော်ဝင်ရောက်လာတတ်ကြပါတယ်။ ဒါကို ပါရာသိုင်းရွိုက်ဟော်မုန်း အသုံးပြုပြီး ပြန်လည်တွန်းလှန်နိုင်တယ်ဆိုတဲ့အချက်ကို ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီတွေက ဖော်ထုတ်လိုက်တာပါ။

ဒီဟော်မုန်းဟာ အရိုးတည်ဆောက်တဲ့ကလာပ်စည်းတွေကို လှုံ့ဆော်ပေးပြီး Slit3လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးထွက်လာစေပါတယ်။ အဲဒီပရိုတိန်းက နာကျင်မှုဖြစ်စေတဲ့ အာရုံကြောတွေကို ကျောရိုးထဲ ကျူးကျော်မဝင်လာအောင် လမ်းကြောင်းလွှဲတားဆီးပေးလိုက်တာပါ။ ကြွက်တွေနဲ့ စမ်းသပ်တဲ့အခါမှာလည်း ဒီဟော်မုန်းကုထုံးပေးထားတဲ့ ကြွက်တွေဟာ ကျောရိုးဆစ်တွေ ပိုခိုင်မာလာပြီး နာကျင်မှုကို ပိုခံနိုင်ရည်ရှိလာတာ တွေ့ရပါတယ်။

ဒီရှာဖွေတွေ့ရှိမှုဟာ နာတာရှည်ခါးနာဝေဒနာရှင်တွေအတွက် ကုထုံးအသစ်တွေ ပေါ်ထွက်လာဖို့ အခြေအနေကောင်း တစ်ခုဖြစ်လာနိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ တိရစ္ဆာန်တွေနဲ့ပဲ စမ်းသပ်ထားတာဖြစ်လို့ လူတွေမှာ လက်တွေ့အသုံးမပြုခင် နောက်ထပ်သုတေသနတွေ ဆက်လုပ်ဖို့ လိုနေပါသေးတယ်။    

MWD