ဆိုဗီယက်ခေတ် လုပ်ရပ်များအတွက် ရုရှားကို တရားစွဲဆိုရန် ပိုလန် ပြင်ဆင်နေပြီး ရုရှားဘက်က သမိုင်းကြောင်းဖြင့် ပြန်လည်တုံ့ပြန်
ပိုလန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီထံမှ ယူရို ၁.၃ ထရီလီယံ လျော်ကြေးတောင်းခံခဲ့သည့် ဖြစ်စဉ်အတိုင်း ယခုအခါ ဆိုဗီယက်ယူနီယံ၏ လွှမ်းမိုးမှုအောက်တွင် ရှိခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည့် နစ်နာမှုများအတွက် ရုရှားနိုင်ငံကိုတရားစွဲဆိုရန် ပြင်ဆင်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။
ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်၏ညွှန်ကြားချက်အရ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရုရှား၏သမိုင်းဝင်ရာဇဝတ်မှုများကို စတင် စစ်ဆေးနေပြီး၊ ယခုအမှုသည် ယခင်နာဇီဂျာမနီအမှုထက်ပင် ပိုမို ကျယ်ပြန့်ကာ ခက်ခဲနက်နဲသည့် ရေရှည်စီမံကိန်းဖြစ်လာနိုင်ကြောင်း သိရှိ ရသည်။
ပိုလန်သမ္မတ အန်ဒရီဒူးဒါကလည်း ၂၀၂၂ ခုနှစ်ကတည်းက မော်စကို ထံမှ လျော်ကြေးတောင်းခံရန် အလားအလာရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသော်လည်း ရုရှားအစိုးရကမူ ယင်းတောင်းဆိုမှုများကို "ရုရှားအပေါ် အစွန်းရောက်မုန်းတီးမှု" အဖြစ် သတ်မှတ်ကာ ပယ်ချထားသည်။
ဤအခြေအနေနှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ၁၇ ရာစုအတွင်း ပိုလန် ကျူးကျော်သူများကို နွံတောထဲသို့ လမ်းမှားခေါ်ဆောင်သွားခဲ့သည့် ရုရှားသူရဲကောင်း "အိုင်ဗန် ဆူဆာနင်" ၏ အော်ပရာဇာတ်လမ်းကို ကိုးကားကာ ပိုလန်ကို လှောင်ပြောင်တုံ့ပြန်ခဲ့သည်။
ထို့အပြင် ဇာခါရိုဗာက ၁၇ ရာစု ရုရှားနိုင်ငံ၏ မငြိမ်သက်မှုကာလ (Time of Troubles) အတွင်း ပိုလန်တို့ ကျောထောက်နောက်ခံပေးထားသည့် ထီးနန်းလုသူများ၏ ဇနီး မာရီနာ မနစ်ဇက်နှင့်ပတ်သက်သည့် အကြွေးများကိုပင် ပိုလန်တို့ ပေးဆောင်ရန် ကျန်ရှိနေသေးကြောင်း၊ မိမိတို့သည်သာ အမှန်တကယ် မြှီရှင်များဖြစ်ကြောင်း သရော်ပြောဆိုခဲ့သည်။
ရုရှားအစိုးရက ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒကိုတိုက်ဖျက်ရာ၌ ဆိုဗီယက်ပြည်သူများ၏ အခန်းကဏ္ဍကို ပြန်လည် ပြင်ဆင်သတ်မှတ်မည့် မည်သည့်လုပ်ရပ်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
