လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

News Image

  • လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်   ဖေဖော်ဝါရီ     ၂၁

     ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း  အခြေခံပညာ အထက်တန်း ကျောင်းများ၌ ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် သိပ္ပံဆောင်တည်ဆောက်နေမှု၊ စာကြည့်တိုက်တည်ဆောက်နေမှု နှင့် ခြံစည်းရိုးအုတ်တံတိုင်း ကာရံနေမှုတို့ကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး နှင့်     ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖေဖော်ဝါရီလ  ၂၁  ရက်တွင်    ကြည့်ရှု စစ်ဆေးသည်။ 

ရှေးဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  အခြေခံပညာ အထက်တန်းကျောင်းခွဲ     (နမ့်ကွတ်)သို့ ရောက်ရှိပြီး    ၂၀၂၅-၂၀၂၆   ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် RCC တစ်ထပ်သိပ္ပံဆောင် အသစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေနိမ့်ပိုင်းဖြစ်၍ မိုးရာသီတွင် ရေဝင် ရောက်နိုင်သည့်အတွက် မြေသားနှင့် အဆောက်အအုံ ဖောင်ဒေးရှင်းခိုင်မာမှုရှိ စေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ချိန်အမီပြီးစီးရန်နှင့် အရည်အသွေး ပြည့်မီစွာ   ဆောင်ရွက်ကြရန်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည်   အမှတ်(၇)အခြေခံပညာအထက် တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၅-၂၀၂၆   ဘဏ္ဍာနှစ်   ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့်  ခြံစည်းရိုး အုတ်တံတိုင်းအရှည်ပေ ၈၀၀ ဆောင်ရွက် နေမှုနှင့်  RCC  တစ်ထပ်စာကြည့်တိုက် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးပိုင်းရပ်ကွက်ရှိ  ဥတ္တရာရုံပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး  ကျောင်းတိုက်ဆရာတော် အား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူ ငွေများ လှူဒါန်းကြောင်း သိရသည်။

MWD