ONE Friday Fights 143 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဘရော်နီကာ အစ္စရေးမွေထိုင်းဖိုက်တာ ရှီယာကိုဟန်ကို အမှတ်ဖြင့်နိုင်

News Image

  • ONE Friday Fights 143 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဘရော်နီကာ အစ္စရေးမွေထိုင်းဖိုက်တာ ရှီယာကိုဟန်ကို အမှတ်ဖြင့်နိုင်

ရန်ကုန်   ဖေဖော်ဝါရီ   ၂၁

      ထိုင်းနိုင်ငံ  ဘန်ကောက်မြို့တွင် ယမန်နေ့ညပိုင်းကပြုလုပ်သည့် ONE Friday Fights 143 ပြိုင်ပွဲ၏ ခေါင်တွဲဆိုင်း၌ သုံးချီလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာဖိုက်တာ ဘရော်နီကာက အစ္စရေး မွေထိုင်းဖိုက်တာ ရှီယာကိုဟန်ကို အမှတ်ဖြင့်အနိုင်ရရှိသွားသည်။

မြန်မာဖိုက်တာ ဘရော်နီကာသည် ONE တွင် သုံးပွဲထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားသည့်   ကစားသမားဖြစ်သည်။ ဆိုင်ထိုးပြိုင်ထိုးမှုကိုအားသန်ပြီး အမြင့်ကန်ချက်၊   တံတောင်ရိုက်ချက်များဖြင့် မာဂုဏ်မြင့် ဖိုက်တာတစ်ဦးလည်းဖြစ်သည်။ 

ထို့အတူအစ္စရေးမွေထိုင်းဖိုက်တာ ရှီယာကိုဟန်သည် ONE တွင်သုံးပွဲထိုးထားပြီး သုံးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။ လျင်လျင်မြန်မြန်ကစားကာ သူ၏လက်သီးတွဲလုံး၊ တံတောင်ရိုက်ချက်များနှင့် ပြိုင်ဘက်ကိုဖိအားပေး ထိုးသတ်တတ်သူဖြစ်ပြီး အပူးအသတ်တွင် ရိုက်ဒူး၊ တံတောင်တို့ဖြင့် အမှတ်ယူကစားနိုင်သည့်  မာဂုဏ်မြင့်ကစားသမားဖြစ်၍  ပရိသတ်အကြိုက် တွေ့သည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

ဘရော်နီကာသည် ယနေ့ပွဲအနိုင်ရရှိရေး အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ယခင်ပွဲများကဲ့သို့  ပြိုင်ဘက်ကို ဖိအားပေးတိုက်စစ်ဆင်သည့်ပုံစံမျိုးမဟုတ်ဘဲ ကောင်တာကစားလာခဲ့သည်။ ရှီယာကိုဟန်ကလည်း ဘရော်နီကာ၏ ပါဝါကိုသိထား၍ ခပ်ခွာခွာကစားပြီး   အခြေအနေသာမှ   သူ၏ခပ်သွက်သွက်    ဖြောင့်လက်သီးများ၊ အောက်ခြေခတ်မှုများဖြင့် ပထမအချီတွင်နှစ်ဦးသား အကဲစမ်းထိုးသတ်ခဲ့ကြသည်။ ရှီယာကိုဟန်၏ လက်သီးတွဲလုံးများသည် ဘရော်နီကာကိုထိမှန်ခဲ့သော်လည်း အဟန့်အတားနည်းနည်းမှ မဖြစ်ခဲ့ဘူးလို့ ယူဆနိုင်သည်။ ဒါပေမဲ့လည်း ဘရော်နီကာ၏ အရှောင်အတိမ်းကြားမှ   အားပါးသည့် ကောင်တာလက်သီး နှစ်ကြိမ်ထက်မနည်း ရှီယာကိုဟန်ထိမှန်ခဲ့သည်။

ဒုတိယအချီတွင် ရှီယာကိုဟန် ဖိအားပေး တိုက်စစ်ဆင်ကစားလာသည်။ ကစ်ဘောက်ဆင်သမားပီပီ   လျင်မြန်သည့်လက်သီးတွဲလုံးများဖြင့် အတင်းဝင်ပူးသတ်လာခဲ့ရာ ဘရော်နီကာဆက်တိုက်ထိမှန်သည်။ ဘရော်နီကာသတိရှိရှိဖြင့် အရှောင်အတိမ်းကစားနိုင်ခဲ့သလို  သူ၏ထောက်လက်သီးများနှင့် အမြင့်ကန်ချက်များကလည်း ရှီယာကိုဟန်အတွက် အပူးအသတ်တွင် အတားအဆီးဖြစ်ခဲ့သည်။

ရှီယာကိုဟန်သည် ငယ်ရွယ်သူဖြစ်ပြီး မွေထိုင်းပညာရပ်ကို အကျွမ်းတဝင်ရှိသူဖြစ်၍ တတိယအချီတွင် အတင်းဝင်ထိုးသတ်ခဲ့ရာ နှစ်ဦးသား ဆိုင်ထိုးပြိုင်ထိုးခဲ့ကြသည်။ 

အပူးအသတ်တွင်ရှီယာကိုဟန်က ချုပ်ဒူးဖြင့်အမှတ်ယူရန်ကြိုးစားသည်။ ဘရော်နီကာကလည်း သတိထားရှောင်တိမ်းပြီး နင်းခြေများ၊ အမြင့်ကန်ချက်များဖြင့် ဖိနှိမ်ကစားခဲ့သည်။ ပြိုင်ပွဲအပြီးတွင် မြန်မာဖိုက်တာဘရော်နီကာက အစ္စရေးဖိုက်တာ ရှီယာကိုဟန်ကို အမှတ်ဖြင့်အနိုင်ရရှိသွားသည်။

ယနေ့ပွဲတွင်  ဘရော်နီကာသည် ပြိုင်ဘက်ရှီယာကိုဟန်၏ တိုက်စစ်များကို  အကောင်းဆုံးကာကွယ်နိုင်ခဲ့သကဲ့သို့ အခွင့်အရေးရတိုင်း အကောင်းဆုံးပြန်လည်ထိုးသတ်နိုင်ခဲ့သည်။ လက်ရည်တူဖိုက်တာတစ်ဦးကို    သုံးချီလုံးအကြိတ်အနယ်ယှဉ်ပြိုင်ပြီး သူ၏တတိယမြောက်နိုင်ပွဲအဖြစ်  မှတ်တမ်းတင်နိုင်ခဲ့ကာ  ONE Championship တွင် ရှုံးပွဲမရှိသေးသည့် ရှီယာကိုဟန်၏မှတ်တမ်းကိုပါ ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

MWD