ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၉ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၄၈ သင်းဖြင့်ကျင်းပရန်စီစဉ်
ဇူးရစ်ချ် ဖေဖော်ဝါရီ ၂၂
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၉ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း အရေအတွက်တိုးမြှင့်ပြီး ပြိုင်ပွဲဝင်အသင်း ၄၈ သင်းဖြင့် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရာတွင် အစောပိုင်းပြိုင်ပွဲများကို ကမ္ဘာ့တိုက်ကြီးများအလိုက် အဆင့်အတန်း အမြင့်ဆုံး ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ် ခူးနိုင်သည့်ကလပ်အသင်းများဖြင့်သာ ကျင်းပခဲ့သော်လည်း ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအရေအတွက် ၃၂ သင်း ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် အစောပိုင်းကျင်းပ ခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ချန်ပီယံဟောင်းအသင်းများနှင့် ကလပ်အဆင့်သတ် မှတ်ချက်မြင့်မားသည့် အသင်းများဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
သို့သော် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ပရိသတ်အင်အားတောင့်တင်းသော ဥရောပမှ ထိပ်တန်းအသင်းကြီးအများစု ပါဝင်နိုင်ခြင်းမရှိသည့်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာမည့်ပြိုင်ပွဲတွင် ပရိသတ်အင်အား တောင့်တင်းသော ဥရောပမှ ထိပ်တန်း ကလပ်အသင်းကြီးများကိုလည်း ပြိုင်ပွဲတွင် ပါဝင်လာစေလိုသည့်အတွက် ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၉ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို အတည်ပြုခြင်း မရှိသေးသော်လည်း လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကို တိုက်ရိုက်ဝင်ခွင့်ပေးဖွယ်ရှိပြီး ပြိုင်ပွဲဝင် အသင်းအရေအတွက် ၄၈ သင်းဖြင့် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
