အစ္စရေး၏ ‘ကျမ်းစာလာအခွင့်အရေးများ’ အပေါ် အမေရိကန် သံအမတ်၏ ပြောကြားချက်ကို မူဆလင်နိုင်ငံများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

News Image

  • အစ္စရေး၏ ‘ကျမ်းစာလာအခွင့်အရေးများ’ အပေါ် အမေရိကန် သံအမတ် ၏ ပြောကြားချက်ကို မူဆလင်နိုင်ငံများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အစ္စရေးသည် အရှေ့အလယ်ပိုင်းဒေသများအပေါ် သမ္မာကျမ်းစာအရ ပိုင်ဆိုင်ခွင့်ရှိသည်ဟူသော အမေရိကန်သံအမတ် မိုက်ဟပ်ကာဘီ (Mike Huckabee) ၏ ပြောကြားချက်အပေါ် အာရပ်နှင့် မူဆလင် အများစုရှိရာ နိုင်ငံများက ဝိုင်းဝန်းကန့်ကွက် ရှုတ်ချခဲ့ကြသည်။

သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) က ထွက်ရှိခဲ့သည့် Tucker Carlson နှင့် လူတွေ့မေးမြန်းခန်းတစ်ခုတွင် နှစ်ခြင်းခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦး ဖြစ်ပြီး မိမိကိုယ်ကိုယ် ခရစ်ယာန်ဇီယွန်ဝါဒီ (Christian Zionist) တစ်ဦး အဖြစ် ဖော်ပြလေ့ရှိသူ ဟပ်ကာဘီက အစ္စရေးအနေဖြင့် နိုင်းမြစ် (Nile) မှ ယူဖရေးတီးမြစ် (Euphrates) အထိ နယ်မြေများကို သိမ်းယူမည် ဆိုပါက ‘သင့်လျော်ပါသည်’ ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ၎င်းက အစ္စရေးသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေခြင်းမဟုတ်ကြောင်းနှင့် ၎င်းတို့၏လုံခြုံရေးကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင်သည့် အာရပ်အဖွဲ့ချုပ် (Arab League) က ထိုပြောဆိုချက်များကို ‘အစွန်းရောက်လွန်းသည်’ ဟု ပြင်းထန်စွာဝေဖန်ခဲ့ပြီး သံတမန်ရေးရာ၏ အခြေခံမူဝါဒများ၊ စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တုံ့ပြန်ခဲ့သည်။

အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul Gheit ၏ ပြောရေးဆိုခွင့်ရှိသူ Gamal Roshdy က “အခြေအမြစ်မရှိဘဲ အစွန်းရောက် လွန်းသည့် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုချက်များသည် ဂါဇာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နည်းလမ်းရှာဖွေနေကြသည့် ငြိမ်းချမ်းရေးကောင်စီ (Board of Peace) မူဘောင်အောက်မှာ နိုင်ငံတွေ စုဝေးနေကြချိန်မျိုးမှာ လူထု၏ ဘာသာရေးနှင့် အမျိုးသားရေး ခံစားချက်တွေကို မီးထိုးပေးသလိုသာ ဖြစ်စေပါသည်” ဟု ပြောကြား ခဲ့သည်။

ထို့အတူ မူဆလင်အများစုရှိရာ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကလည်း အလားတူ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယခုကဲ့သို့ ‘အန္တရာယ်ရှိပြီး တာဝန်မဲ့သော’ ပြောကြားချက်များသည် အစွန်းရောက် ဝါဒဖြန့်မှုများကို အားပေးအားမြှောက်ပြုရာရောက်သကဲ့သို့ ပါလက်စတိုင်း နယ်မြေများအပေါ် အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများကို ပိုမိုတွန်းအားပေးရာ ရောက်ကြောင်း သတိ ပေးခဲ့သည်။

ဂျော်ဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဟပ်ကာဘီ၏ ‘အဓိပ္ပာယ်မရှိ ရန်စလိုသော’ ပြောကြားချက်များသည် သံတမန်ရေးရာစံနှုန်းများနှင့် ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်နေသည်ဟု ပြောဆိုခဲ့သည်။ အီဂျစ် နိုင်ငံကလည်း အဆိုပါ ပြောကြားချက်များသည် နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ၏ အခြေခံမူများမှ သိသာထင်ရှားစွာ သွေဖည်နေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အိုမန်၊ ယူအေအီး (UAE)၊ လက်ဘနွန်၊ တူရကီ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့တို့ကလည်း အမေရိကန်သံအမတ်၏ ပြောဆိုချက်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေကြောင်း ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

လက်ရှိတွင် အစ္စရေးသည် အနောက်ဘက်ကမ်းခြေ (West Bank) နှင့် ဂါဇာဒေသ အစိတ်အပိုင်းများသာမက လက်ဘနွန်တောင်ပိုင်းနှင့် ဆီးရီးယား အနောက်တောင်ပိုင်းတို့ကိုပါ စစ်ရေးအရ ထိန်းချုပ်ထားသည်။ ယခုလ အစောပိုင်းတွင် အစ္စရေးလုံခြုံရေးအဖွဲ့က ၁၉၆၇ ခုနှစ် ခြောက်ရက်ကြာ စစ်ပွဲ (Six-Day War) နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အနောက်ဘက် ကမ်းခြေရှိ ကျယ်ပြန့်သော နယ်မြေများကို ‘နိုင်ငံပိုင်မြေ’ အဖြစ် သတ်မှတ်ရန် အတည်ပြုခဲ့သည်။ မူဆလင်နိုင်ငံများက ထိုလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေးအပေါ် ရှင်းလင်းပြတ်သားသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် နိုင်ငံတကာမိသားစုကို တိုက်တွန်းခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂