မူးယစ်ရာဇာ သေဆုံးပြီးနောက် မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် ဂိုဏ်းစတားများ၏ အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွား

News Image

  • မူးယစ်ရာဇာ သေဆုံးပြီးနောက် မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် ဂိုဏ်းစတားများ၏ အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွား

မက္ကဆီကိုနိုင်ငံ၏ ထိပ်တန်းမူးယစ်ရာဇာတစ်ဦး စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားပြီးနောက် နိုင်ငံတစ်ဝန်းရှိ မြို့များစွာတွင် မူးယစ်ဂိုဏ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂) က El Mencho ဟု လူသိများသည့် Jalisco New Generation Cartel (CJNG) ဂိုဏ်းချုပ်ဖြစ်သူ Nemesio Oseguera Cervantes ကို ၎င်းတို့၏ အထူးတပ်ဖွဲ့များက သုတ်သင်နိုင်ခဲ့ကြောင်း မက္ကဆီကို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ Cervantes သည် တာပယ်လ်ပါ (Tapalpa) မြို့ တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်းရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် မူးယစ်ဂိုဏ်းသားများသည် လမ်းများကို ပိတ်ဆို့ခြင်းနှင့် ကင်းလှည့်ယာဉ်များကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ Jalisco ပြည်နယ်အုပ်ချုပ်ရေးမှူး Pablo Lemus Navarro က ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ လက်ရှိတွင် အဆိုပါ အကြမ်းဖက်မှုများသည် Michoacan၊ Tamaulipas၊ Zacatecas၊ Colima နှင့် Oaxaca ပြည်နယ်များသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

မက္ကဆီကိုနိုင်ငံရှိ အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ဘေးကင်းရာတွင် ခိုလှုံရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ရန်နှင့် ဂရုတစိုက်ရှိရန် တိုက်တွန်းထားသည်။ မက္ကဆီကိုသမ္မတ Claudia Sheinbaum က ပြည်သူများအနေဖြင့်တည်တည်ငြိမ်ငြိမ်ရှိကြရန်နှင့် သတင်းများကို စောင့်ကြည့်ရန် တိုက်တွန်းခဲ့သည်။ သူမက X (Twitter) ပေါ်တွင် “နိုင်ငံ၏ နေရာအတော်များများမှာ လုပ်ငန်းဆောင်တာတွေက ပုံမှန်အတိုင်း လည်ပတ်နေပါသည်” ဟု ရေးသားခဲ့သည်။

အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက CBS News သို့ ပြောကြားရာတွင် El Mencho ကို ဖမ်းဆီးသည့်စစ်ဆင်ရေး၌ မက္ကဆီကိုစစ်တပ်နှင့် အမေရိကန် မြောက်ပိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းဖွဲ့စည်းထားသည့် မူးယစ် ဂိုဏ်းနှိမ်နင်းရေး အထူးအဖွဲ့မှတစ်ဆင့် အမေရိကန်က ပါဝင်ကူညီခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော် အဆိုပါအရာရှိက ထိုစစ်ဆင်ရေးကို “မက္ကဆီကိုစစ်တပ်၏ စစ်ဆင်ရေး” အဖြစ်သာ ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂