ကယားပြည်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှု ဒုတိယဝန်ကြီး ဦး‌နေမျိုးလှိုင် ကြည့်ရှုအားပေး

News Image

  • ကယားပြည်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှု ဒုတိယဝန်ကြီး ဦး‌နေမျိုးလှိုင် ကြည့်ရှုအားပေး

နေပြည်တော်    ဖေဖော်ဝါရီ   ၂၃

      ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည်  ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုအားပေးစဉ်  ဒုတိယဝန်ကြီးက  ကြီးကြပ်ရေးမှူး၊  တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး  ဆရာ၊  ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်  မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ  ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး   စာဖတ်ဝိုင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်နိုင်ရေး ပြင်းပြသောဆန္ဒများနှင့်အတူ ဇွဲသတ္တိအပြည့်ဖြင့်အောင်မြင်အောင်ကြိုးစားကြရန် အားပေးစကားပြောကြားသည်။

ယင်းနောက်  ဒုတိယဝန်ကြီးသည် လွိုင်ကော်တက္ကသိုလ်ရှိ  ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လွိုင်ကော်တက္ကသိုလ် အဆောက်အအုံများ ပြင်ဆင်‌ဆောင်ရွက်ပြီးစီးမှု အခြေအနေကို  ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေပေးအပ်သည်။

ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ ကျောင်း အုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်လည်းကောင်း၊ ကယား ပြည်နယ်ပညာရေးမှူးရုံး ပညာဗိမာန်ခန်းမ၌  အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာ အတတ်ပညာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် လည်းကောင်း   ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သင်ကြားသင်ယူရေးနှင့် စီမံရေးဆိုင်ရာ ပညာရေးလုပ်ငန်းများ   အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး   တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးဖြေကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

MWD